မိုးမောက်မြို့ ဗုံးပေါက်ကွဲမှု ပြည်သူ့စစ် ၁ ဦး သေဆုံး

ကချင်ပြည်နယ် မိုးမောက်မြို့မဈေးအနီး ဇူလိုင် ၂၂ ရက်နေ့မနက် ဗုံးတစ်လုံးပြင်းထန်စွာ ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေဆုံးပြီး၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့မနက် ၉ နာရီ ခန့် Alen Kawng ရပ်ကွက် Great လက်ဖက်ရည်ဆိုင်ရှေ့ လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးလဂိုင်နော်ဆန့်၏ ကားနဘေး ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ ယခုလိုဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှသိရသည်။

ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှုးလဂိုင်နော်ဆန့် ဆေးရုံးအရောက်တွင် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားရာ အနီးရှိ ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

ထို ၄ ဦးအနက် ဒဏ်ရာပြင်းထန်သူ ၁ ဦးကို ဗန်းမော်ဆေးရုံ ပို့လိုက်ရကြောင်း ထပ်မံသိရသည်။

ဖြစ်စဉ်မှာ လုပ်ကြံမှုတစ်ခုဖြစ်နိုင်ကြောင်း ဒေသခံများသုံးသပ်ပြောဆိုသည်။ ကျူးလွန်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုချိန်ထိအတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးပါ။