ကချင်ရွာသား ၂ ဦးကို တပ်မတော်က မိုင်းခွဲ သတ်ဖြတ်

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွကျေးရွာရှိ ကချင်ပြည်သူ ၂ ဦးကို အစိုးရတပ်မတော်မှ ဖမ်းဆီးချည်နှောင်ပြီး မိုင်းဖြင့် ပေါက်ခွဲသတ်ဖြတ်မှု သြဂုတ် ၉ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

သတ်ဖြတ်ခံရသူ ၂ ဦးမှာ လမ်းခွ (Lambraw Yang) ကျေးရွာ မီးသတ်အဖွဲ့မှ ဗိုလ်အဆင့်ရရှိထားသူ အသက် ၃၄ နှစ် ဦးဖောင်ကပ်နော်လက် (Slg. Hpaukap Naw Lep) နှင့် အသက် ၄၀ နှစ် ဦးလဘန်နော်ဘောက် (Slg. Labang Naw Bawk) တို့ ဖြစ်သည်။

သြဂုတ် ၈ ရက်နေ့ ဦးနော်လက်သည် ရွာအနီး လွယ်လီချောင်းသို့ ငါးဖမ်းရန် သွားစဉ် မြစ်ဘေးတစ်နေရာတွင် ထောင်ထားသော မိုင်းကို တွေ့ပြီး ငါးမိုင်းအဖြစ် အသုံးပြုရန် အိမ်ကိုယူလာစဉ် လမ်းခုလတ် ဆီးဒင် (Siden) မြန်မာ စစ်တပ်ဂိတ်က ရှာဖွေတွေ့ရှိကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့ ၂ယောက်က တနင်္လာနေ့ ဒွမ်ဘုန်း (Dumbung) ဘက်မှာ ငါးဖမ်းဖို့ သွားတာ။ သူတို့ ၂ယောက်အပြန် သူများထောင်ထားတဲ့ ဗုံးကိုတွေ့တယ်တဲ့။ အဲမှာ ၁ ယောက်က အဲဒီ မိုင်းကို ယူလာတာ ဆီးဒင် (Siden) မြန်မာစစ်တပ်ဂိတ်ကို ရောက်တော့ စစ်ဆေးရာမှာ ဗုံးတွေ့ပြီး KIA အဖွဲ့ ဖြစ်တယ်ဆိုပြီး တစ်ခါတည်း ရိုက်နက်တာ။ သူတို့ မိသားစုဝင်တွေက တစ်ညလုံး မအိပ်ဘဲ ရှိနေတာ။ ဒါနဲ့ တနင်္လာ ညဦးယံလောက် မိုင်းပေါက်ကွဲသံ ကြား တယ်။ သူတို့ ၂ ယောက်ကို ချည်ထားပြီး စစ်တပ်က သူတို့ မိုင်းနဲ့ဖေါက်ခွဲလိုက်တဲ့ သဘောရှိတယ်။”

အသတ်ခံရ သူ ၂ ဦး ကောက်ယူလာသော ဗုံးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ ထောင်ထားသော မိုင်းဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

သူတို့ ၂ ဦးကို ဆီးဒင် (Siden) အစိုးရတပ်စခန်းအနီး ရင်ကွဲတောင် (Sari Bum) နံဘေးမှာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အလောင်းကို မိသားစုဝင်များထံ မပေးဘဲ တပ်မတော် ခမရ ၃၈၁ တပ်ဖွဲ့က ချက်ချင်း မြုပ်နှံလိုက်သည်။ သို့သော်လည်း သေဆုံးသူ ၂ ဦး၏ အလောင်းဓါတ်ပုံများ လူမှုကွန်ယှက်စာမျက်နာတွင် ပျံနှံခဲ့သည်။

သူတို့ ၂ ဦးကို တပ်မတော်က ဆီးဒင် ရွာအပြင်ဘက် တစ်နေရာတွင် မြုပ်နှံထားသည်။ ထိုနေရာတွင် ယနေ့ သြဂုတ် ၁၀ ရက်နေ့ သေဆုံးသူ ၂ဦး မိသားစုဝင်များ ကျေးရွာသားများ သွားရောက်ဆုတောင်းခဲ့ကြောင်း သိရသည်။

မီးသတ်ဗိုလ် ဦးနော်လက်တွင် ဇနီးသည်နှင့် သမီး ၂ ယောက် ကျန်ခဲ့ပြီး၊ ဦးနော်ဘောက်တွင် ဇနီးနှင့် သားသမီး ၃ ဦးရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်မှ ဒေသခံပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ်မှုများ ပုံမှန်ရှိနေသည်။ ဇွန်လ ၂၀ ရက်နေ့ လဝါးကျေးရွာ (Lawa Mare) လူမြင်ကွင်းမှာ ရိုက်နက်ဖမ်းဆီးသွားသော ဦးအင်လမ်းနော်ဂျာ (Slg. Nlam Naw Ja) ယခု ပျောက်ဆုံးနေဆဲ ဖြစ်သည်။