စာမတတ်သူများယာဉ်မောင်းလိုင်စင်ဖြေပါက စကားပြန်တစ်ဦးခေါ်လာနိုင်

ယဉ်မောင်းလိုင်စင်လျောက်ထားသည့် စာမတတ်သူသူများအတွက် အခက်အခဲမရှိစေရန် ကူညီပေးလျက်ရှိသည်ဟု ကုန်လမ်းပို့ဆောင်ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေမှူး ဒေါ်နန်းစိုးစိုးဟတ် ကပြောသည်။

စာမတတ်သည့်သူများ လိုင်စင်လျောက်ထားရာတွင် စာတတ်သည့် စကားပြန်တစ်ဦးနှင့်အတူ တပါတည်းခေါ်လာပြီး ဖောင်များဖြည့်ခြင်း ၊ ယာဉ်စည်းကမ်းများ စစ်မေးခြင်းများ ပြုလုပ်ပေးသည်ဟု ဆိုပါသည်။

‘‘ စည်းကမ်းကို သူတို့က နားလည်တယ်။ ဒါပေမဲ့ ဒီပုံစံဖြည့်တာတွေ ရေးဖြေတွေကို သူတို့က စာမတတ်တဲ့ခါကျတော့ သူတို့ဆီက အပိုတစ်ယောက် ခေါ်လာခိုင်းတယ်။ ခေါ်လာခိုင်းပြီး သူပြောတာကို ဟိုတစ်ယောက်ကလိုက်ပြီးတော့ ရေးပေးရတာပေါ့နော်။’’ဟု ဒေါ်နန်းစိုးစိုးဟတ်ကပြောပါသည်။

လက်ရှိ ယာဉ်မောင်းလိုင်စင်လာရောက် လျောက်ထားသူများထဲမှ စာမတတ်သူများ အနည်းငယ်သာ ရှိသေးကြောင်း ဆိုပါသည်။

ဒေါ်နန်းစိုးစိုးဟတ် ‘‘ရှားတော့ ရှားပါတယ်။ ဒါပေမဲ့ အမှန်တကယ်ရှိတယ်။ အဲဒီကားမောင်းလိုင်စင် လုပ်တဲ့သူထဲမှာလည်း ပါတယ်။ အစ်မတို့ဆိုရင် အထူးသဖြင့် စပယ်ယာလုပ်တဲ့ ကလေးတွေပေါ့နော။ စပယ်ယာလုပ်တဲ့ကလေးဆိုရင် စာကိုတကယ်မတတ်ဘူး။ မတတ်ဘူးဆိုလို့ရှိရင် သူ့ဘေးကနေ ပြောပြရတာပေါ့နော်။ စပါယ်ယာစည်းကမ်းတွေပြောပြပြီး သူကပြန်ဖြေ။ ဒါပေမဲ့ တခါတလေ အံ့သြစရာကောင်းတာက သူတို့အဖြေတွေဟာ ပိုပြီးတော့ မှန်နေတာရှိတယ်။’’ ဟု ပြောပါသည်။

ယဉ်မောင်းလိုင်စင်လာလျှောက်သူ ဦးတီးနို က ‘‘စာနဲ့လက်တွေ့က တော်တော်ခက်ခဲတယ်။ ကိုလည်း ကားမောင်းတာ မကျွမ်းဘူးဆိုတော့ ကားဂီယာ၊ ကားနံပါတ် သူတို့ထည့်ခိုင်းတာ အခက်အခဲရှိတယ်။ အခုက ကျနော်တို့သိတာက အကောက်အကွေ့တွေ.. ခုနကသူပြောပြလို့လည်း သိတယ်ပေါ့။ သူတို့သင်ပြလို့သိတယ်။’’ဟု ပြောပါသည်။

ကုန်းလမ်းပို့ဆောင်ညွန်ကြားမှုဦးစီးဌာနအနေနဲ့ လိုင်စင်ထုတ်ပေးရာမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို သေချာရှင်းပြခြင်း ၊ မေးခွန်းများကို ရေးဖြေစနစ်ဖြင့် စိစစ်ပေးခြင်း လက်တွေ့မောင်းစေခြင်း ပြုလုပ်ပြီးမှ ယာဉ်မောင်းလိုင်စင်များ ထုတ်ပေးသည်ဟု ဒေါ်စိုးစိုးဟတ်က ဆိုပါသည်။