ကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးကုန်ကြမ်းပစ္စည်းများ လွိုင်ကော်မြို့၌ ဖမ်းဆီးရရှိ

  • ခုနှစ်
  •  ကန္တာရဝတီတိုင်း(မ်)
  • ကန္တရဝတီ
ဓါတ်ပုံ-လွိုင်ကော်မြို့မရဲစခန်း ဓါတ်ပုံ-လွိုင်ကော်မြို့မရဲစခန်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် ဖီနိုင်းအက်ဆစ်တစ်အက်စစ် (Piperonal or Phenylacetic Acid)ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၁၉၀)ကီလိုဂရမ်ခန့်စီပါ သံပီပါ (၅)လုံး စုစုပေါင်းအလေးချိန် (၉၅၀)ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်း ၁၆၀၀ ကျော်ကို လွိုင်ကော်မြို့တွင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၀)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်ဝင်း ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ သြဂုတ် ၂၃ ရက် နံနက် ၁၀း၃၀ နာရီ အချိန်က
ဒီးမော့ဆိုမြို့နယ် ၊ ဒေါတ၀ီကျေးရွာ၏ အရှေ့ဘက် လွိုင်ကော် – ဒီးမော့ဆို-တောင်ငူ ကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် ဒီးမော့ဆိုမြို့ဘက်မှ တောင်ငူမြို့ဘက်သို့ ဦးပေါလူ မောင်းနှင်လာသည့် ယာဉ်အမှတ် ၆က/၂၂၅၄ နံပါတ်ပါ TOYOTA- HILUX-4×4 အဖြူရောင် မော်တော်ယာဉ်၏ နောက်ခန်း၌ အနီရောင် သံပီပါ (၅)လုံးအား ပါကင်ပိတ်လျက်တွေ့ရှိရသဖြင့် စစ်ဆေးခဲ့သည်။

စစ်မေးရာ ပစ္စည်းများနှင့်ပတ်သက်၍ ပြောပြနိုင်ခြင်းမရှိသဖြင့် အဆိုပါသံပီပါ (၅)လုံးအား စတင်တင်ဆောင်လာသည့် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ ပန်းနံ့သာလမ်း၊ အိမ်အမှတ် – မိုင်း/၁၃၅(က)နေ ဦးမျိုးသန့်နှင့်ဇနီး မစုလေးနွယ် (ခ)မခင်လေးနွယ် (ခ) မလေးနွယ် ၏ နေအိမ်သို့ အဆိုပါယာဉ်နှင့်အတူ ယာဉ်မောင်း ဦးပေါလူ နှင့် ဒေါ်ရာစင်းသာ တို့အား ခေါ်ဆောင်ပြီး မိုင်းလုံးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြငြိမ်း လိုက်ပါလျက် မူးယစ်တပ်ဖွဲ့စု (၂၀)၏ ၀ရမ်းအမှတ် (၂၇/၂၀၁၇)ဖြင့် (၁၂း၃၀)အချိန်တွင် ၀င်ရောက်ရှာဖွေခဲ့ကြသည်။

အဆိုပါနေအိမ်တွင် မစုလေးနွယ် (ခ) မခင်လေးနွယ် (ခ)မလေးနွယ် အားတွေ့ရှိရပြီး ၎င်းတို့ (၃)ဦးနှင့် သက်သေများရှေ့တွင် ယာဉ်ပေါ်၌ တင်ဆောင်လာသည့် သံပီပါ (၅)လုံးအား ဖွင့်ဖေါက်စစ်ဆေးရှာဖွေရာ သံပီပါ တစ်လုံးစီ၏ အတွင်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် ဖီနိုင်းအက်ဆစ်တစ်အက်စစ် (Piperonal or Phenylacetic Acid)ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၁၉၀)ကီလိုဂရမ်ခန့်စီပါ သံပီပါ (၅)လုံး စုစုပေါင်းအလေးချိန် (၉၅၀)ကီလိုဂရမ်ခန့် (တစ်ကီလိုလျှင် ၁၇၀၀၀၀ိ/-)နှုန်းဖြင့် ၁၆၁၅ သိန်းကျပ်) ၎င်းနေအိမ်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အရောင်းအ၀ယ်ပြုလုပ်ရာမှရရှိသော မြန်မာငွေစက္ကူရောရာ (၃၀၀၀၀၀)ကျပ်နှင့် ဆက်စပ်ပစ္စည်းများအား သက်သေများရှေ့ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုအား မူးယစ်တပ်ဖွဲ့စု (၂၀) မှ ဒုရဲမှူးမြင့်ဝင်းက လွိုင်ကော်မြို့မရဲစခန်းတွင် မမစ (လွိုင်ကော်) မယ(ပ)၃၄/၁၇၊မူး/စိတ်ပုဒ်မ ၁၅/၁၆ (ခ)/ ၂၀ (က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Last modified onFriday, 25 သြဂုတ်လ 2017 00:20