ဘီလူးချောင်းရေဆိုးများကို ရှမ်းထက် ကယားပြည်နယ်သားများက နှစ်ဆပိုမိုသုံးစွဲနေ

  • ခုနှစ်
  •  ကန္တရ၀တီ
  • ကန္တရဝတီ

ဘီလူးချောင်းရေ၏ ဆိုးကျိုးများကို ရှမ်းပြည်နယ်ထက် ကယားပြည်နယ်ရှိ လူထုများက နှစ်ဆပို၍ အသုံးပြုနေကြရကြောင်း ကယန်းမျိုးဆက်သစ်လူငယ်မှ ဒေးဗစ်ဒီးဒီကပြောကြားလိုက်သည်။

ယခင်က ကြည်လင်သန့်ရှင်းသော ဘီလူးချောင်းရေသည် ယခုအချိန်၌ ရှမ်းပြည်ဘက်မှအစပြု၍ တောင်ယာ၊ လယ်ယာလုပ်ကိုင်ရာတွင်သုံးစွဲသော ဓာတုဓါတ်မြေသြဇာအပါအဝင် ပိုးသတ်ဆေးများသုံးစွဲမှုများပြားလာသဖြင့် ဘီလူးချောင်းအတွင်း စီးဆင်းလာသော ရေများသုံးစွဲမှုခြင်းက လူထုအတွက် ကျန်းမာရေး ပြဿနာများကို ပိုမိုရင်ဆိုင်ကြုံနေရကြောင်း ၎င်းက ပြောသည်။

“အပေါ်ကနေကြည့်မယ်ဆိုရင် အင်းကနေ စတာပေါ့နော။ အင်းကနေစသုံးတဲ့ ပိုးသတ်ဆေးကိစ္စ၊ ဓာတုမြေသြဇာကိစ္စတွေ ၊ နောက်တစ်ဘက်မှာပြန်ကြည့် တီကျစ်ကျောက်မီးသွင်းစက်ရုံကနေ စွန့်ပစ်တဲ့ အညစ်အကြေးတွေ အဲ့ဖက်မှာဆိုရင် ခန့်မှန်းခြေ ဂါလံတစ်သိန်းဝန်းကျင်ရှိတယ်။ အဲ့ဒါကလည်း ဘီလူးချောင်းထဲမှာပဲ စွန့်တယ်။ ပြီးရင်ကျောက်မီးသွေးစက်ရုံကနေ ထွက်တဲ့ပြာတွေကို ဘီလူးချောင်းထဲမှာပဲ စွန့်ပစ်တယ်။ အဲ့ကနေစီးလာတဲ့ ဘီလူးချောင်းရေကို လူတွေက အသုံးပြုကြတယ်ပေါ့နော။ နောက်တစ်ဆင့်ကတော့ ကျနော်တို့မိုးဗြဲတောင်သူတွေက လယ်တွေ အများကြီးလုပ်ကြတယ်။ တစ်ဧကကို မြေသြဇာ ၅ အိတ် ၆ အိတ် ပိုးသတ်ဆေးမသုံးဘူးဆိုရင် တစ်ဧကကို အနည်းဆုံး ပိုးသတ်ဆေးက ၃ ဂါလံ ၄ ဂါလံလောက်ပေါ့နော။ သုံးနေတဲ့ ထောင်ပေါင်းများစွာသော ဂါလံတွေက ဘီလူးချောင်းထဲမှာ စီးဝင်တယ်။ နောက်ဆုံးအဲ့ရေကို သောက်သုံးနေတာက လွိုင်ကော်မှာ နေထိုင်တဲ့ ဘီလူးချောင်းဘေးမှာ နေထိုင်တဲ့ အောက်ဘက်က ပြည်သူတွေဖြစ်တယ်။”ဟု ဒေးဗစ်ဒီးဒီက ပြောကြားသည်။

အဆိုပါပြဿနာများ၏ အဖြေအတွက် ပိုးသတ်ဆေးသုံးစွဲနေသော တောင်သူလယ်သမားများကို သဘာဝမြေသြများကိုသာ သုံးစွဲရန် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှု mindset များကို ပြောင်းလဲပေးနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများက ထောက်ပြနေကြသည်။

ဘီလူချောင်းအား သန့်ရှင်းရေးအတွက် ထိန်းသိမ်းရေးအတွက် သြဂုတ်လ ၂၆ ရက်နေ့က ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးတီရယ်နှင့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးအေးမောင်နှင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ တာဝန်ရှိများနှင့်အတူ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ဘက်ရှိ ဘီလူးချောင်းမှစ၍ ကယားပြည်နယ် ဘီလူးချောင်းတစ်လျှောက် စက်လှေဖြင့် ဘီလူးချောင်းရေ၏ ရေအရည်အသွေးစမ်းသပ်တိုင်းတာမှုများကို ပြုလုပ်ခဲ့ကြသည်။

ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်းကြီးဌာနမှ ဝန်ကြီးဦးတီရယ်က “လာမဲ့ရှေ့ဆက်ဆိုရင် အများကြီး လုပ်နိုင်မယ်ပေါ့။ အခုက ဘာပဲလုပ်နိုင်တယ်ဆို ဟောပြောပွဲလေးတွေ၊ စက်ရုံအလုပ်ရုံသွားပြီးတော့မှ ဒါကတော့ ဒီလိုလုပ်ရမယ် ဒီလိုလုပ်ရမယ်၊ အဲ့လောက်ပဲ လုပ်နိုင်သေးတယ်ပေါ့လေး။ အများကြီးတော့ မလုပ်နိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စတင်အကောင်အထည်ဖော်နိုင်ရန် စဉ်းစားရာ၌ ဘီလူးချောင်းကိစ္စကို ရှေ့တန်းတင်လာကြသောကြောင့် ဘီလူးချောင်းသန့်ရှင်းရေးကိစ္စရပ်များအတွက် ဝန်ကြီးများ ဦးဆောင်ပြီး လူထုအားလုံးပူးပါဝင်သော အမှိုက်ကောက်ခြင်း လူထုလှုပ်ရှားမှုကို တစ်လတစ်ကြိမ်ပြုလုပ်နေပြီဖြစ်ကြောင်း ကယားပြည်နယ်သဘာ ဝပတ်ဝန်းကျင်ထိန်းသိန်းရေးကော်မတီအဖွဲ့ဝင် ခွန်းမြင့်နိုင်က ပြောသည်။

ဘီလူးချောင်းသည် တနိုင်ငံလုံးအတွက် လောပိတရေအားလျှပ်စစ်ဓါတ်အားဖြင့် အလုပ်အကျွေးပြုနေသော ချောင်းဖြစ်သောကြောင့် ရေရှည်ကောင်းမွန်သောမူဝါဒများချမှတ်နိုင်ရေး အားလုံးပူးပေါင်းလုပ်ဆောင်သင့်ကြောင်းနှင့် ဘီလူးချောင်း တစ်လျှောက်လုံး သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်အစိုးရ၊ ကယားပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့က စနစ်တကျသောအစီအမံများနှင့်အတူ ထိန်းသိမ်းရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားလိုက်သည်။