ဖယ်ခုံ၊ မိုးဗြဲတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာနေ

  • ခုနှစ်
  •  ကန္တရ၀တီ
  • ကန္တရဝတီ
ဖယ်ခုံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဆွေမှ မူးယစ်ဆေးဝါးသုံးစွဲသူများပြားကြောင်း ရှင်းပြစဉ် ဖယ်ခုံမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဆွေမှ မူးယစ်ဆေးဝါးသုံးစွဲသူများပြားကြောင်း ရှင်းပြစဉ်

ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စုရှိ မြို့ပေါ်ရပ်ကွက်မှလူငယ်အများစုသည် wy စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲနေသူများ များပြားလာနေကြောင်း ဖွံ့ဖြိုးရေးအတွက်ဖယ်ခုံလူငယ်အသင်းမှ အဖွဲ့ဝင် ကိုကျော်ထွန်းလင်းက ထံမှ သိရသည်။

“ခုလက်ရှိအချိန်ထိသုံးနေကြတုန်းပဲပေါ့နော။ တစ်အိမ်တိုင်းမှာ တစ်ယောက်နီးပါးလောက် သုံးနေကြတယ်ပေါ့နော။ အိမ်တိုင်းနီးနီးပေါ့နော။ အကုန်လုံးကိုတော့ မဆိုလိုပါဘူးပေါ့နော ”ဟု ကိုကျော်ထွန်းလင်းက ပြောသည်။

ယခင်နှစ်မှစ၍ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး မူးယစ်ဆေးဝါးသုံးစွဲနေသောလူငယ်များကို စစ်ဆေးအရေးယူနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမဖွဲ့စည်းပြီးနောက်ပိုင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေသော အနေအထားများ လျော့နည်းလာကာ ယခင်ကဲ့သို့သော အပြုအမှုမျိုးများ မတွေ့ရှိရတော့ကြောင်း ကိုကျော်ထွန်းလင်းက ပြောသည်။

“အရင်လိုမျိုးမပွထတော့ဘူးပေါ့နော။ ဝင်လိုက်ထွက်လိုက် ရောင်းဝယ်တဲ့ကိစ္စတွေမှာ အရင်လိုတော့သိပ်မတွေ့တော့ဘူးပေါ့နော။ ရပ်ကွက်စည်းကမ်းတွေ ထိန်းသိမ်းထားလို့ပေါ့နော”ဟု ၎င်းက ပြောသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရဲစခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်မှုကြောင့် ပြစ်ဒဏ်ကျခံနေသော တရားခံများ အများအပြား ရှိနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာဗဟုသုတနည်းပါးသော နေရာများတွင် မူးယစ်ဆေးဝါးများကို ပိုမိုရောင်းချသုံးစွဲနေကြသည်ဟု ဖယ်ခုံမြို့နယ် မြို့မရဲစခန်း၏ စခန်းမှူး ဒုရဲမှူးသိန်းဆွေက ပြောသည်။

“ကျနော်တောင်ကြီးမှာ လေးလနေခဲ့တယ်။ တောင်ကြီးရဲစခန်းသုံးခုမှာရှိတဲ့ အချုပ်ပေါ့။ တရားခံ ၄၀၀ ရှိပါတယ် အဲ့မှာ မူးယစ်ဆေးဝါးတရားခံ ၇၅ ရာခိုင်နှုန်းပါတယ်။ အခုဖယ်ခုံမှာ လွိုင်လင်မှာ ကျနော် နှစ်လနေခဲ့တယ်။ အဲ့မှာ ၁၀၀ ရှိတယ် ၈၀ က မူးယစ်ဆေးဝါးတရားခံ ဖြစ်တယ်။ အခု ဖယ်ခုံမှာ လက်ရှိ ကျနော် ပြီးခဲ့တဲ့အပတ်က တောင်ကြီးပို့လိုက်လို့ ကျား ၁၂ ယောက် မ ၃ ယောက် အားလုံး မူးယစ်ဆေးဝါးတရားခံဖြစ်တယ်။”ဟု စခန်းမှူးက ပြောသည်။

အခြေအနေပေါ်မူတည်၍ အစိုးရ၏ ညွှန်ကြားချက်များဖြင့် လူမှုအသင်းအဖွဲ့များနှင့် ပေါင်းစပ်ကာ မူးယစ်ဆေးဝါးကာကွယ်တားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကိုလည်း အဓိကပြုလုပ်ပေးလျက်ရှိကြောင်း စခန်းမှူးက ပြောသည်။

၎င်းအပြင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏အကူအညီများ လိုအပ်လျှင်လည်း တောင်းခံနိုင်ကြောင်းလည်း စခန်းမှူးက ထည့်သွင်းပြောကြားခဲ့သည်။