ချင်းအမျိုးသားနေ့မတိုင်မီ မင်းတပ်မြို့စံပြဈေး အပြီးတည်ဆောက်မည်

၂၀၁၅ ခုနှစ်အတွင်းမီးလောင်ခဲ့တဲ့ မင်းတပ်မြို့ စံပြဈေးကို လာမယ့်ချင်းအမျိုးသားနေ့ မတိုင်မီ အပြီးတည်ဆောက်သွားမယ်လို့ ဈေးကော်မတီဥက္ကဌ ဦးတိုင်းလင်းက ပြောသည်။

“ကျတော်တို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ထိတော့ ၃၂ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ လာမယ့်နှစ် ချင်းအမျိုးသားနေ့မှ ဖွင့်ပွဲလုပ်သွားဖို့ရှိတယ်” ဟု ဦးတိုင်းလင်းက ပြောသည်။

မင်းတပ်စံပြဈေးကို လက်ရှိအချိန်မှာ ကွင်းပြင်တစ်နေရာမှာ ယာယီဖွင့်ခိုင်းထားတာဖြစ်ပြီး မိုးရာသီရောက်တိုင်း ရေမြောင်းမရှိတာကြောင့်အခက်အခဲကြုံနေရ တယ်လို့ဈေးသည်တွေ ထံမှ သိရသည်။

“ရေမြောင်းလည်းရေစီးရေလာသိပ်မကောင်းဘူး။ ပျံကျဈေးတွေလည်းနေရာလုံးဝမရှိဘူး။ ပျံကျ ဈေးတွေကိုလည်းစနစ်တကျရှိစေချင်တယ်” ဈေးသည်တစ်ဦးက ဆိုသည်။

မင်တပ်မြို့စံပြဈေးကို ပြည်ထောင်စုဘတ်ဂျက် သိန်းငါးထောင်နဲ့ ဒေသခံဈေးပြည်သူများ၏ ထည့်ဝင်လှူငွေ သိန်းသုံးထောင်ကျော်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။