၂၁ ရာစုပင်လုံညီလာခံ တက်မတက် CNF ပါတီတွင်း ပြန်ဆုံးဖြတ်မည်

ယခုလကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်မတက်ရောက်မည်ကို ပါတီတွင်း ပြန်လည်ဆွေးနွေးဆုံး ဖြတ်မည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) အထွေထွေ အတွင်းရေးမှူး(၂) ဒေါက်တာရွှေခါးကပြောသည်။

နေပြည်တော် သင်္ဂဟဟိုတယ်တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေး မတိုင်ခင် ကြားကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲကို ချင်းနှင့် ရခိုင်ပြည်နယ်တွင် မလုပ်ရန်ဆုံးဖြတ်ခဲ့ကြ သည့်အတွက် CNF အနေဖြင့် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အခုက Framework for Political Dialogue အရဆိုရင် ၂၁ ပင်လုံညီလာခံမှာက အမျိုးသားအဆင့်နိုင်ငံရေး ဆွေး နွေးပွဲ က ရလဒ်တွေကိုဘဲ ထပ်ပြီးတော့ ဆွေးနွေးကြပြီးတော့ ဘုံသဘောတူညီချက်ရှာကြမှာဖြစ်ပါတယ်၊ တကယ်လို့ကျနော်တို့ CNF အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်ဘဲနဲ့ သွားတက်ရင် ကျနော်တို့မှာ ဆွေးနွေးခွင့်တောင်ရှိပါ့မလား ပေါ့နော်၊ လေ့လာသူနဲ့ ဘာမှထူးမခြားနားပေါ့နော်၊ အမျိုးသား အဆင့် ဆွေးနွေးပွဲမလုပ်ဘဲနဲ့ တော့ အဲဒီပင်လုံညီလာခံမှာ ဘာသွားဆွေးနွေးမှာလဲ၊ အခုထက်ထိကတော့ ကျနော်တို့ဆွေးနွေးနေတုန်းပေါ့၊ အတိကျအဖြေပေးလို့တော့မရသေးဘူး ပါတီတွင်းမှာပြန်ပြီး ဆွေးနွေး ဆုံးဖြတ်ရ မှာပါ’’ ဟု ဒေါက်တာရွှေခါးက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ချင်းနှင့်ရခိုင်ပြည်နယ်သည် လက်ရှိနယ်မြေအနေအထား၊ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေတွေအပြင် ကြားကာလတွင် ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းအခြေအနေများကို ကြည့်ကာ ယခုကဲ့သို့ ဆိုင်းငံ့ခြင်းဖြစ် သည် ဟု သမ္မတရုံး ဒုညွန်ကြားရေးမှူး ဦးဇော်ဌေးက မီဒီယာများတွင်ပြောဆိုခဲ့သည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် ချင်းအားလုံးကို ကိုယ်စားမပြုကြောင်း ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့တောင် ဒေသခံများက လက်မခံကြောင်း ၊ ချင်းပြည်နယ်တွင် တောင်ပိုင်း မြောက်ပိုင်း ကွဲပြားနေသည့်သဘော ရှိနေကြေင်း ဦးဇော်ဌေးက မီဒယာများတွင်ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာရွှေခါးက “သူတို့ပြောတဲ့ဟာကတော့ နိုင်ငံရေးကိစ္စလို့ပြောတာပဲ၊ ဒါပေမယ့် လက်ခံလို့ရတဲ့ဟာတွေ မဟုတ်ဘူးပေါ့နော်၊ သူတို့ပြောတဲ့ ဟာထဲမှာ ချင်းတွေထဲမှာ တောင်နဲ့မြောက်ဆိုတာ ရှိတယ်၊ CNF တီးတိန်ရုံးဖွင့်တုန်ကလည်း ဒေသခံတွေက ကန့်ကွက် တယ် ဘာညာပြောတော့ အဲဒါတွေက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ဘာမှမဆိုင်ဘူးလေ’’ ဟု ပြောသည်။

တချိန်တည်းတွင် ချင်းနှင့်ရခိုင်ကို အမျိုးသားအဆင့် နိုင်ငံရေးအ ဆိုင်းငံ့ထားသော်လည်း ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ထိန်းချုပ်ရာနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့မှာ မူအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပခွင့်ပြုထားသည်။

“တိုင်းရင်းသားအချင်းချင်းလူတွေကြားထဲမှာ အမြင်သဘောထားချင်း လွဲမှားမှုဖြစ်အောင် လုပ်တဲ့ဟာလို့ပြောလို့ရတယ်’’ ဟု ဒေါက်တာရွှေခါးကပြောသည်။

ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ချင်းအမျိုးသားတပ်ဦး၊ ချင်းနိုင်ငံရေး ပါတီများ နှင့် ချင်းအရပ်ဘက်လူ့မှုအဖွဲ့အစည်းများအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ ဆိုင်းငံ့ခံရခြင်းသည် ပြည်ထောင်စုအစိုးရဘက်မှ လိုလားမှုမရှိခြင်းကြောင့်သာဖြစ်ပြီး အမြန်ဆုံးခွင့်ပြုပေးရန် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ဖေဖော်ဝါရီ ၈ နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။