မုံးကိုး သင်းထောက်ဆရာ နှစ်ဦးအမှု တရားစွဲအဖွဲ့ ရုံးချိန်းသို့ မရောက်လာသဖြင့် စစ်ဆေးရန် ကြန့်ကြာနေ

  • ခုနှစ်
  •  မဇ္ဈိမ
  • မဇ္ဈိမ

တပ်မတော်မှ ဖမ်းဆီးခဲ့သော ဘာသာရေးဆရာ ဦးဒွမ်ဒေါ့ နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ အမှု ရုံးချိန်းတွင် တရားလိုဘက်မှ တရားရုံးသို့ ​ရောက်မလာသဖြင့် စစ်ဆေးမှုမရှိဘဲရုံးချိန်းသာပေးနေသဖြင့် တရားခံများဘက်မှ ကုစားမှုတစ်စုံတစ်ရာရရှိရန် လျှောက်ထားမည်ဖြစ်ကြောင်း ရှေ့နေ ဦးဘရန်ဒီးက မဇ္ဈိမကို ပြောသည်။

လာမည့် ဧပြီလ ၂၅ ရက်တွင် ရုံးချိန်းသို့ တရားလို သက်သေများ ရောက်လာခြင်း မရှိဘဲ စစ်ဆေးမှု မရှိပါက တရားခံများ၏ ရှေ့နေဘက်မှ တောင်းဆိုသွားမည်ဟု သူက မဇ္စျိမကို ပြောသည်။

သူတို့ နှစ်ဦးကို ပုဒ်မ ၁၇/၁ နှင့် ပြန်ဆက် ပုဒ်မ ၅၀၀ တို့ကို တပ်မတော်မှ ဗိုလ်မှူးကျော်ဇင်ထွန်းက တရားလို ပြုလုပ်ထားပြီး ပို့ကုန် သွင်းကုန် အက်ဥပဒေ ပုဒ်မ ၈ ကိုမူ မူဆယ်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အေးမြင့်က တရားလို ပြုလုပ်ထားခြင်း ဖြစ်သည်။

“ကျနော်တို့ ပြီးခဲ့တဲ့ ရုံးချိန်းတွေကြတော့ နယ်မြေမအေးချမ်းတာရော ဆိုတော့ ရုံးချိန်းအနေအထားအရ စစ်ဖို့လည်း ခက်တယ်။ အဲဒါကြောင့် ကျနော်တို့လည်း ဘာမှမပြောဘူး။ ဒီတခါတော့ တအား ကြာလာပြီဆိုတော့ ဒီတပတ် မလာဘူးဆိုရင်တော့ ကျနော်တို့ ကုစားမှု တခုခုပေးဖို့လျှောက်ထားဖို့ ရှိပါတယ်”ဟု သူက ပြောသည်။

သူက ဆက်လက်ပြီး “တရားလိုတွေကို မစစ်ဘူးဆိုရင်လည်း ကျနော်တို့ကတော့ ပြောရမယ်။ ရုံးချိန်းတွေ များနေပြီ။ တရားလို မလာဘူးဆိုရင်လည်း ကျနော်တို့ စွတ်စွဲခံရတဲ့ လူတွေကို လွတ်ရင်လည်း လွတ် မလွတ်ဘူးဆိုရင် အာမခံပေးပေါ့။ တခုခုတော့ ပြောရတာပေါ့”ဟု သူက ပြောသည်။

ဘာသာရေးဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့အမှုတွင် တရားလိုဘက်မှ သက်သေ ၁၀ ဦးအား စစ်ဆေးရန် စာရင်းပေးထားပြီး ထိုအထဲမှ သက်သေခံ ပစ္စည်းများကို ရှာဖွေသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သူ ဦးအိုက်စာဆိုသူက တစ်ဦးကိုသာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စစ်ဆေးနိုင်ခဲ့သေးကြောင်း သိရသည်။

သူတို့၏ အမှု စစ်ဆေးရန်အတွက် တရားလိုဘက်မှ မူဆယ် တရားရုံးမှ လားရှိုးတရားရုံးသို့ ပြောင်းရွှေ့ရန် ရှမ်းပြည်နယ်လွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့သော်လည်း ယနေ့ထိ အမိန့်မကျသေးသလို၊ တရားလို သက်သေများလည်း တရားရုံးသို့ ရောက်လာခြင်း မရှိသဖြင့် စစ်ဆေးနိုင်ခြင်း မရှိကြောင်း ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

“တရားစွဲအဖွဲ့အစည်း ရဲက အဓိက လျှောက်တာပေါ့နော်။ သူတို့လျှောက်ထားတဲ့အချိန်မှာ ဘာမှမထူးခြားတဲ့အခါကြတော့ အဲဒီသက်သေတယောက်က လားရှိုးမှာ မလိုက်နိုင်ဘူး။ မူဆယ်မှာပဲအစစ်ခံမယ်ဆိုလို့ ကျနော်တို့အဲဒီတယောက်ကိုစစ်ရတာ။ ခုထိ ရှာဖွေသက်သေတယောက်ကို စစ်ပြီးပြီ။ အဲဒီနောက် မစစ်သေးဘူး။ အဲဒီအမိန့်မကျမချင်း မူဆယ်တရားရုံးမှာ သက်သေလည်း မလာဘူး။ မလာဘဲနဲ့ ရုံးချိန်းပဲပေးနေတယ်”ဟု ရှေ့နေ ဦးဘရန်ဒီးက ပြောသည်။

ဧပြီလ ၆ ရက်နေ့က ရုံးချိန်းသို့ တရားလို သက်သေများ စစ်ရန် ဖြစ်သော်လည်း ရောက်မလာသဖြင့် စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။ ထို့ပြင် ပြီးခဲ့သည့် မတ်လ ၆ ရက်၊ ၂၀ ရက် ရုံးချိန်းများတွင်လည်း တရားလို သက်သေဘက်မှ ရောက်လာခြင်း မရှိခြင်း စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဦးဒွမဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ် ၈ တို့ဖြင့် တရားစွဲဆိုထားသလို၊ ဦးဒွမ်ဒေါ့နောင်လတ်ကိုမူ တပ်မတော်အား ဂုဏ်သရေ ညိုးနွမ်းစေသည်ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ဆရာ နှစ်ဦးသည် မုံးကိုးမြို့ရှိ တပ်မတော် ဗျူဟာကုန်းအနီးတွင် ပျောက်ဆုံးခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သူတို့နှစ်ဦးအား ကချင်လွတ်လပ်ရေးတပ်(KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

သူတို့ နှစ်ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်တပ်မတော်နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားချိန် ပြည်တွင်းမှ ဧရာဝတီ၊ ဒီဗွီဘီနှင့် ကုမုဒြာ သတင်းဌာနမှ သတင်းထောက်များအား မုံးကိုးမြို့ပေါ် ပျက်ဆီးဆုံးရှုံးမှုများကို လိုက်လံပြသခဲ့သည်ဟု သိရသည်။