NCA လမ်းကြောင်းမလိုက်ခြင်းသည် ပြည်ထောင်စုစနစ်ကို မလိုလားခြင်းသာဖြစ်သည်ဟု တပ်ချုပ်ဆို

  • ခုနှစ်
  •  မဇ္ဈိမ
  • မဇ္ဈိမ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းကိုလျစ်လျူရှုကာ နောက်ထပ် လမ်းစဉ်များဖော်ဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုကို မလိုလားခြင်းသာ ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယနေ့ မေလ ၂၄ ရက် နေ့ က နေပြည်တော် MICC-2တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက်၂၁ ရာစုပင်လုံအစည်းအဝေး၌ မိန့်ခွန်းပြောဆိုရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယင်းမိန့်ခွန်းထဲတွင် “NCA ကိုလျစ်လျူရှုပြီးအခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုတဲ့ အခေါ်အဝေါ်တွေ သုံးစွဲလုပ်ဆောင်နေခြင်းဟာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေး ကိုမလိုလားခြင်းသာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသွားသည်။

ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တင်သွင်းခဲ့သည့် စာတမ်း ၇၂ စောင်ကိုလေ့လာရာတွင် တိုင်းရင်းသားအဖွဲ့အချို့၏ တင်ပြဆွေးနွေးချက်များသည် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုကျော်လွန်ကာ အလွန်အကျွံတောင်းဆိုမှုများ ရှိနေခဲ့သည်ကို သတိပြုမိသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းထဲတွင်ထည့်သွင်းပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောဆိုနေချိန်တွင် ညီလာခံအတွင်း၌ ဝအဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC )မှ တက်ရောက်လာသည့် ကိုယ်စားလှယ်များလည်း ညီလာခံခန်းမအတွင်း၌ ရှိနေသည်။

ဝအဖွဲ့ (UWSA) ဦးဆောင်ပြီး ပလောင်အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်အဖွဲ့( KIO)၊ ရှမ်းအဖွဲ့(SSPP) စသည့်အဖွဲ့များဖြင့် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကိုဖွဲ့စည်းခဲ့သည်။

အဆိုပါ ကော်မတီအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကိုလက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းသွားမည်ဟု သဘောထားထုတ်ပြန်ထားသည်။