စက်လှေမှောက်၍ နယ်ခြားစောင့် ရဲမှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး ပျောက်ဆုံးနေ

  • ခုနှစ်
  •  မဇ္ဈိမ
  • မဇ္ဈိမ

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲမှူးတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ ဇူလိုင်လ ၂၃ ရက်နေ့က ည ၇ နာရီခန့်တွင် ခရီးစဉ်အတွင်း စက်လှေမှောက်၍ ပျောက်ဆုံးနေကြောင်းသိရသည်။

ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာနယ်မြေ ရဲမှူးရဲဇော်ထွဋ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးတို့ဖြစ်ကြောင်းသိရပြီး ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ပြီး တောင်ဘဇာသို့ အပြန်လာစဉ် စက်လှေနစ်မြှုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က ကျောင်းတောင်ရွာကနေ စက်လှေသုံးစီးနဲ့ လာတာလို့ပြောပါတယ်။ မှောက်တဲ့လှေမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦး ပါတယ်လို့ သိရပါတယ်။ မှောက်တာက ကျွန်းပေါက်၊ ပဲသဒူရွာနားမှာ စက်မထိန်းနိုင်ဘဲ မှောက်သွားတယ်လို့ ကြားပါတယ်။ အဲဒီစက်လှေက နောက်ဆုံးကလာနေတဲ့စက်လှေလို့ သိရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျောက်ဆုံးသေူများမှာ နယ်မြေမှူးရဲမှူး ရဲဇော်ထွဋ်၊ တပ်ကြပ် ခင်မောင်သန်း၊ ဒု-တပ်ကြပ် ကိုကိုအောင်နှင့် ဒု-တပ်ကြပ် ထွန်းလင်းထိုက်တို့ဖြစ်ပြီး စက်လှေတိမ်းမှောက်ရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးနှင့် စက်လှေမောင်းသူ မူစတာဖာတို့မှာ လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

ယင်းအပြင် နစ်မြှုပ်သွားသည့်စက်လှေအား ယနေ့မနက်ပိုင်းတွင် ကျွန်းပေါက်ကျေးရွာအနီးတွင် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ခဲ့သည့် သေနတ်နှစ်လက်နှင့် အတူ ပြန်လည်ရှာတွေ့ခဲ့ကြောင်းသိရကာ   ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန်အတွက် တောင်ဘဇာနယ်မြေ ရဲစခန်းသို့ဆက်သွားခဲ့သော်လည်း ကယ်ဆယ်ရေးများ သွားရောက်နေကြသည့်အတွက် အဆက်အသွယ်မရရှိခဲ့ပါ။