စစ်ရေးတင်းမာမှုများကြောင့် နမ္မတူတွင် စစ်ဘေးရှောင် ၇၀၀ ကျော်လာ

  • ခုနှစ်
  •  မဇ္ဈိမ
  • မဇ္ဈိမ

မြန်မာ့တပ်မတော်နှင့် တအာင်း/ ပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် ပြည်သူ ၇၀၀ ကျော်လာပြီဖြစ်ကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်မြင့်ဆန်းကပြောသည်။

“တပ်မတော်နဲ့ TNLA နဲ့ထိတွေ့မှုဖြစ်တယ်လို့ သူတို့ကတော့အဲ့လိုမျိုးပြောတယ်။ မနေ့ကမှ ၂၀၀ ကျော်ရောက်တယ်၊ ရှိနေတာက ၅၃၀ ဆိုတော့ အခုလောလောဆယ် ၇၀၀ ကျော်တော့ရှိပြီပေါ့" ဟု ၎င်းကပြောသည်။

တိုက်ပွဲများကြောင့် နမ့်စမ်မြို့နယ် မဝဲကျေးရွာမှ အမျိုးသမီး ၁၃၁ဦး၊ အမျိုးသား ၁၀၈ဦး တို့ သြဂုတ် ၈ရက်က နမ္မတူမြို့နယ်ရှိ ပုဗ္ပါရုံ ပရိယတ္တိ ရွှေကျင်ကျောင်းတိုက်သို့လာရောက် ခိုလှုံကြကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီမှသိရသည်။

လွန်ခဲ့သည့် တစ်နှစ်ကတည်းက စစ်ရေးတင်းမာမှုများကြောင့် မန်တုံဘက်မှ နမ္မတူမြို့အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ရောက်ရှိလာပြီး နေရပ်မပြန်နိုင်သေးသူ ၅၀၀ ကျော်ရှိနေသေးသောကြောင့် လက်ရှိတွင် စစ်ဘေးရှောင် ၇၀၀ ကျော်လာရခြင်းဖြစ်ကြောင်း ဦးအောင်မြင့်ဆန်းကပြောဆိုသည်။

အဆိုပါ နေရပ်သို့ ၁နှစ်ကျော်မပြန်နိုင်ဘဲ ကြန့်ကြာနေသူများကို နမ္မတူမြို့နယ်တွင် ယာယီစန်းဖွင့်လှစ်ပေးထားကြောင်းလည်း သိရသည်။

စစ်ရှောင်များကို ကူညီထောက်ပံ့ပေးရန် သြဂုတ်လ ၁၀ ရက်တွင် အကူအညီတောင်းထားသောကြောင့် လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရဝန်ကြီးဌာနမှသက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဘေးရှောင်ပြည်သူများကို လာရောက် ကူညီထောက်ပံ့ပေးရန်လည်းရှိနေကြာင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်သည် တပ်မတော်အပြင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအာင်း/ ပလောင်အဖွဲ့ (TNLA) တို့တည်ရှိနေသည့်နေရာဒေသလည်းဖြစ်သည်။