သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး

  • ခုနှစ်
  •  စိုးသူအောင်
  • မဇ္ဈိမ

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေခွင့်ပေးထားသည့် သတ်မှတ်အချိန်ထိမစောင့်ပဲ ၀င်ရောက်လာသောကြောင့် တာဝန် ကျရဲတပ်ဖွဲ့က ခြောက် လှန့်ပစ်ခတ်စဉ် သေနတ်ကျဉ်ထိမှန်၍ ရေမဆေးကျောက် ရှာဖွေသူတစ်ဦးသေဆုံးသွားသည်ဟု ဖားကန့်မြို့နယ်အခြေစိုက် ကွန်းဖောင်ဒေးရှင်းမှ ဦးဂန္နီကပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၈ ရက်နေ့ ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ထိမှန်ခဲ့သူကို ဖားကန့်ဆေးရုံသို့ ကွန်းဖောင်ဒေးရှင်းမှ ပို့ဆောင်ပေးခဲ့ကာ အဆိုပါနေ့ ည လယ်ခန့် တွင်သေဆုံးသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက ဆိုသည်။

“ ချောင်ဘရားသားကုမ္မဏီ၊ အဲ့ဒီ့ကုမ္မဏီမှာဖြစ်တာ ၊ တစ်ယောက်ထိတယ်၊ ဒဏ်ရာကတော်တော်ပြင်းတယ်လို့ပြောတယ်။ ဆေးရုံမှာဆေး ကုသမှုခံယူရင်းနဲ့ ဆုံးသွားတယ် “ ဟု ဦးတင့်စိုးကဆိုသည်။

ရေမဆေးကျောက်ရှာဖွေသူများကို ညနေ ၅ နာရီမှစတင်ရှာဖွေခွင့်ပေးထားကြောင်းသိရသည်။

“ ရှာခွင့်ပေးတယ်။ အဲ့ဒီ့အချိန် မစောင့်နိုင်ဘဲသူတို့က အတင်းဝင်တာပေါ့ဗျာ။ အတင်းဝင်တော့ ဟိုကလုံခြုံရေးအရတားတော့ ကတောက်ကဆ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုကြရင်းနဲ့ ခြောက်လှန့်ပစ်ရင်း ထိသွားတယ်လို့ပြောတယ် “ ဟု ကွန်းဖောင်ဒေး ရှင်းမှ ဦးဂန္နီကပြောသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် ချောင်ကုမ္မဏီပိုင်နေရာတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူပေးထားခြင်းဖြစ်ပြီး ရဲအင်အား ၄၊ ၅ ယောက်ခန့်ရှိချိန်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေမဆေးကျောက်ရှာဖွေသူများဘက်မှ အင်အားများသောကြောင့် သေနတ်ဖြင့်ခြောက်လှန့်ပစ်ခြင်းဖြစ်နိုင်ကြောင်း ဦးဂန္နီက ကသုံးသပ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း ရေမဆေးကျောက်ရှာဖွေသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကတောက်ကဆဖြစ်တတ်သည့်အပြင် မြေစာပုံပြိကျမှုများ လည်း မကြာခဏ ဖြစ်ပွားတတ်ပြီး ၂၀၁၄ ခုနှစ်မှစတင်ကာ မြေစာပုံပြိုကျမှုကြောင့် လူပေါင်းရာချီသေဆုံးမှု များဖြစ်ပွားခဲ့သည်။

ယခုသေနတ်ထိမှန်သေဆုံးမှုနှင့်ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းမှ စခန်းမှူး၏လက်ကိုင်ဖုန်းကို မဇ္ဈိမက အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆိုမရခဲ့ပေ။