မောင်တော ဒေသခံတိုင်းရင်းသား ၁၂၇ ဦးကို တပ်မတော် နေရပ်ပြန်ပို့

  • ခုနှစ်
  •  ရဲနိုင်
  • မဇ္ဈိမ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့မှုကြောင့် တိမ်းရှောင်နေရသော ဒေသခံတိုင်းရင်းသား ၁၂၇ ဦးကို တပ်မတော်မှ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ မဟာကံကြီးသျှင်ဘုရားဓမ္မာရုံနှင့် ကာဒီ ကျေးရွာရှိ သဇင်ဘုန်းတော်ကြီးကျောင်းတွင် တိမ်းရှောင်နေထိုင်လျက်ရှိသော ဒေသခံတိုင်းရင်းသား ၁၂၇ ဦးကို ၄င်းတို့ ဆန္ဒအရ အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် တပ်မတော်မှ မော်တော်ယာဉ် ၆ စီးဖြင့် အနီးကပ် လုံခြုံရေးပေးကာ နေရပ်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ နေရပ်ပြန်ပို့ပေးခဲ့သော ဒေသခံတိုင်းရင်းသား ၁၂၇ ဦးမှာ မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာ၊ ကန် သာယာကျေးရွာ၊ ခရေမြိုင်ကျေးရွာ၊ လေးမိုင်ကျေးရွာ၊ သရေကုန်းကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ ဝေသာလီကျေး ရွာ၊ ငွေတောင်ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ငါးခူရကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေး ရွာစသည့် ကျေးရွာ ၁၁ ရွာမှ တိမ်းရှောင်လာသော တိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ကြီး ၁၇ မြို့တွင် တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့မှ လုံခြုံရေးများ တိုးမြှင့်ချထားပြီး မြို့အဝင်အထွက်များတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ၊ လှည့် ကင်းဆောင်ရွက်ခြင်းများနှင့် ကားဂိတ်၊ ဆိပ်ကမ်း၊ ဈေးကြီးများ၊ ဆေးရုံများစသည့် လူစည်ကားသည့်နေရာများ တွင်လည်း အရပ်ဝတ်များဖြင့် စောင့်ကြည့်လျက် လုံးခြုံရေးပိုင်းကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ရခိုင်ပြည်နယ်ရှိ နယ်ခြားစည်းရိုးတလျှောက်တွင်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့များမှ ရဲစခန်း၊ ရဲကင်းများဖြင့် လုံခြုံရေးပိုင်း ဖြန့်ခွဲချထားပြီး အသင့်အနေအထား စောင့်ဆိုင်းလျက်ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲ မှူးကြီး အောင်မြတ်မိုးက မဇ္ဈိမသို့ အောက်တိုဘာလ ၁၁ ရက်တွင်ပြောသည်။

ထို့သို့ လုံခြုံရေးများ တိုးမြှင့်ချထားသဖြင့် လက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိနေသည့်အတွက် နေရပ် ပြန်ရန် ဆန္ဒရှိသော တိမ်းရှောင်ဒေသခံတိုင်းရင်းသားများအား တပ်မတော်မှ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့နိုင်ရန် ဆက်လက်ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ရဲကင်း၊ ရဲစခန်းများအား အကြမ်းဖက်သမားများက ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။