NCA ၂ နှစ်ပြည့် အခမ်းအနားသို့ TNLA တက်မည်မဟုတ်ဟုဆို

  • ခုနှစ်
  •  မဇ္ဈိမ
  • မဇ္ဈိမ

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော ၂ နှစ်ပြည့် အခမ်းအနားသို့   မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA က တက်ရောက်မည်မဟုတ် ကြောင်း သိရသည်။

အခမ်းအနား တက်ရောက်ရန် အစိုးရကဖိတ်ကြားရာတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အနေဖြင့် ဖိတ်ကြားခြင်း မရှိပဲ တစ်ဖွဲ့ချင်းသီးခြား ဖိတ်ခြင်းကြောင့် ၄င်းတို့အဖွဲ့အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ပြောသည်။

“FPNCC ကို ဖိတ်ထားတာ မရှိဘူးလို့ ကျနော်တို့ သိရတယ်။ ကော်မတီအနေနဲ့ဖိတ်စာမရဘူး။ တဖွဲ့ချင်းဆီကိုတော့ ဖိတ်ထားပါတယ်။ ကျနော်တို့အဖွဲ့လည်း ဒီနေ့နေ့လည်က ဖိတ်စာရပါတယ်။ ကျနော်တို့အဖွဲ့ အစည်းအနေနဲ့တော့ တက်ဖို့ မရှိဘူး ခင်ဗျာ။ တဖွဲ့ချင်းဆီ ဖိတ်တဲ့အတွက်ကြောင့် ကျနော်တို့က တက်ဖို့မရှိပါဘူး။ ကျနော်တို့ ဆီမှာ တိုက်ပွဲတွေ တအားပြင်း နေတယ်။ FPNCC အနေနဲ့ ဖိတ်မှသာလျှင် ကျနော်တို့က တက်မယ်။ FPNCC က တဖွဲ့ချင်းဆီတက်ဖို့ ခွင့်မပြုဘူး အဲဒီလို ဆုံးဖြတ်ချက်ရှိထားတယ် ”ဟု သူက မဇ္စျိမကို ပြောသည်။

FPNCC အနေဖြင့် ဖိတ်ကြားမည် ဆိုပါက အစည်းအဝေးခေါ်ဆွေးနွေး၍ တက်၊ မတက် ဆုံးဖြတ်မည် ဖြစ်သော်လည်း ယနေ့ထိ ကော်မတီကို  ဖိတ်ကြားခြင်း မရှိကြောင်း သူက ပြောသည်။

FPNCC တွင် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရေဏီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ (NMDAA)၊ ရက္ခိုင့်တပ်မတော်(AA)တို့ ၇ ဖွဲ့ ပါဝင်သည်။

NCA အပစ်မရပ်သေးသည့် အဖွဲ့အစည်းများအား NCA နှစ်နှစ်ပြည့်အခမ်းအနား တက်ရောက်ရေး ဖိတ်ကြားရန်အတွက် အစိုးရနှင့် အပစ်ရပ် အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှု ရရှိကာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လက်မှတ်ရေးထိုးခဲ့သော ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပမည် ဖြစ်သည်။

ထိုအခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1)တွင် ကျင်းပမည် ဖြစ်သည်။