ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ရုပ်သိမ်းရေး ဒေသခံတိုင်းရင်းသား ၂ သောင်းကျော်ချီတက်ဆန္ဒပြတောင်းဆို

မော်လမြိုင်- ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်းတံတား’ ဟု ပြည်သူ့လွှတ်တော်မှ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့သည့်အပေါ် မွန်ပြည်နယ်ဒေသခံများ လက်မခံသဖြင့် အဆိုပါတံတားအမည်အား ပြန်လည်ရုပ်သိမ်းပေးရန် မတ်လ ၁၉ ရက်နေ့က တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိရသည်။

မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ ဒေသခံ တိုင်းရင်းသားပြည်သူများ ၂ သောင်းကျော် တက်ရောက်ခဲ့ပြီး ‘ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် အလိုမရှိ၊ ဒေသခံတိုင်းရင်းသားများ၏ဆန္ဒ အသိအမှတ်ပြုရေး၊  စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အမျိုးသားရင်ကြားစေ့ရေး စသည့်ကြွေးကြော်သံများဖြင့် မော်လမြိုင်မြို့ ကမ်းနားလမ်းမြို့မတံတားမှ ဘုရင့်ရုံအောက်လမ်းမကြီးအတိုင်း သိပ္ပံလမ်းထိပ်-ကမ်းနားလမ်း(ညဈေးရေပေါ်ဈေး) ၌ စုရုံးပြီးဟောပြောပွဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်အား ရုပ်သိမ်းပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ လိုလားသည့် တံတားအမည်ပေးအပ်ရန်၊ မွန်ပြည်နယ်အတွင်းရှိ ကိစ္စရပ်များကို မွန်အစိုးရ နှင့် မွန်လွှတ်တော်တို့မှ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဆုံးဖြတ်ခွင့်အာဏာ ပိုမိုပေးအပ်ရန်၊ တိုင်းရင်းသားစည်လုံးညီညွှတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေသည့်ကာလတွင် လူမျိုးတစ်မျိုးအတွင်း၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား အထင်မြင်လွဲမှားစေသည့် မည်သည့်ကိစ္စရပ်ကိုမှ ပြည်ထောင်စုအစိုးရ နှင့် လွှတ်တော်အသီးသီးတို့မှ ဆောင်ရွက်ခြင်း မပြုရန် အလေးအနက် တောင်းဆိုခဲ့ကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီမှ မိကွန်းချမ်းနွန် ကပြောသည်။

ဒေသခံပြည်သူများ လက်မခံသည့် အဆိုပါတံတားအမည်အား ပြည်သူ့လွှတ်တော်မှ မဲခွဲအတည်ပြုလိုက်ခြင်းသည်မမှန်ကန်ကြောင်း၊ ပြည်သူလူထုအသံကိုနားထောင်ပြီးမှသာ ဆောင်ရွက်ရန်သင့်ကြောင်း နှင့် ဒေသခံပြည်သူတို့၏ ဆန္ဒအသိအမှတ်ပြုသည့်အချိန်အထိ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မွန်အမျိုးသမီးခေါင်းဆောင် မိကွန်းချမ်းနွန်က ပြောသည်။

မိကွန်းချမ်းနွန်က  “ကျမတို့တိုင်းရင်းသားလူနည်းစုတွေရဲ့ဆန္ဒကို အသိအမှတ်မပြုဘူး၊ တိုင်းရင်းသားလူများစု (ဗမာ) တိုင်းရင်းသားကနေပြီးတော့ ဒေသခံတွေရဲ့ ဆန္ဒကိုလက်မခံဘဲနဲ့ ဒီလိုမျိုးတင်လိုက်တယ်ဆိုတော့  ခုနကပြောတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေတယ်” ဟု ဆိုသည်။

ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ မျှော်မှန်းချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့်အတိုင်း လွှတ်တော်က ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု ပြည်သူတို့၏ တောင်းဆိုအသံက လေလှိုင်းမှာဘဲ ဝဲပျံနေတော့မလား၊ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်အား ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ပေးရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဆန္ဒထုတ်ဖော်ရေးကော်မတီမှ နိုင်မွန်ရာဇာ က “သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားသတ်မှတ်ဖို့ လွှတ်တော်ကနေ ဆုံးဖြတ်အတည်ပြုလိုက်ခြင်းဟာ တိုင်းရင်းသားလူနည်းစုတို့အပေါ် ဒီမိုကရေစီ နည်းအရ အနိုင်ကျင့်ခြင်းဖြစ်တယ်၊ အမျိုးသားချစ်ကြည်ရေးကို လေးလေးနက်နက် ခံယူမယ်ဆိုရင် လူနည်းစုတို့ရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်” ဟု ပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက် တည်ဆောက်ခဲ့သည့် သံလွင်တံတာား(ချောင်းဆုံ)အား ပေါင်မြို့နယ်မှ NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းက ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်သတ်မှတ်ရန်ပြည်ထောင်စုအစိုးရ အားတိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်းဆွေးနွေးခဲ့ပြီး မတ်လ ၁၄ ရက်နေ့က စက်ခလုတ်ဖြင့် မဲခွဲဆုံးဖြတ်ရာ  ထောက်ခံမဲ ၂၁၇၊ ကန့်ကွက်မဲ ၄၃၊ ကြားနေမဲ ၁၁၆ ဖြင့် အတည်ပြုလိုက်သည်။

အဆိုပါမော်လမြိုင်- ချောင်းဆုံ သံလွင်မြစ်ကူးတံတားသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလတွင် တံတားဖွင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဟုစီစဉ်ထားကြောင်း သိရသည်။