မွန်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးစခန်းတည်ဆောက်မည်

ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေစိုက်ထောက်ပံ့ရေးစခန်းတစ်ခု(photo: Internet) ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေစိုက်ထောက်ပံ့ရေးစခန်းတစ်ခု(photo: Internet)

မွန်ပြည်နယ်၊ မုဒုံနှင့် ရေးမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီးတ၀ိုက်ကျေးရွာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေစိုက် ထောက်ပံ့ရေးစခန်း ၂ ခု တည်ဆောက်ရန် ဆွေးနွေးနေပြီဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ အခြေစိုက်စခန်းကို မုဒုံမြို့နယ်၊ ၀ဲကလိနှင့်ကမာအုပ်ကျေးရွာ၌ တစ်နေရာနှင့် ရေးမြို့နယ်ကော့ဒွတ်ကျေးရွာတွင် တစ်နေရာ စုစုပေါင်း ၂ နေရာ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“MIC (Myanmar Investment Commision- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)ကနေ ခွင့်ပြုအမိန့်ကျတယ်တဲ့။ သူတို့လုပ်ဖို့အတွက် အကုန်လုံးမပြီးသေးဘူး။ Survey လုပ်ရဦးမယ်။” ဟု မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ၀န်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁၀/၂၀၁၇) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး Myanmar Offshore Supply Base Limited (MOSB) အခြေစိုက်စခန်းမှ ကမ်းလွန်ရေနံ လုပ်ငန်းများသို့ ဒီဇယ်အပါအ၀င် လုပ်ငန်းသုံးပစ္စည်းများကို ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

“ရေနက်တဲ့နေရာက နှစ်နေရာလောက်ရှိတယ်။ဝဲကလိထက်စာရင် ကော့ဒွတ်မှာက ပိုပြီးတော့ရေနက်ပါတယ်။ရေနက်တဲ့အခါကျတော့ တန်ချိန်မြင့်တဲ့သဘောင်္တွေ ဆိုက်နိုင်မှာပါ။”ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ယင်းသို့ ဆောက်လုပ်ခြင်းအားဖြင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ စသည့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အချိန်ကုန်သက်သာ၍ လွယ်ကူလျင်မြန်စွာ ခရီးရောက်နိုင်မှာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က သုံးသပ်သည်။

Last modified onMonday, 24 ဂျူလိုင်လ 2017 12:05