မွန်တော်လှန်းရေးနေ့အခမ်းအနားကို တပ်မတော်ဖိအားပေး

ဗလဲ့ဒွန်းဖိုက်ရွာ(ကွာန်ဗလးဒုန်ဖာ်) ကို Google Earth မှမြင်ရပုံ(Copy) ဗလဲ့ဒွန်းဖိုက်ရွာ(ကွာန်ဗလးဒုန်ဖာ်) ကို Google Earth မှမြင်ရပုံ(Copy)

သြဂုတ်လ ၇ ရက်နေ့တွင် ကျရောက်သည့် ၇၀ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား စစ်ရေးပြမကျင်းပရန် တပ်မတော်မှ ဖိအားပေးပြောဆိုမှုများရှိကြောင်း မွန်ပြည်သစ်ပါတီအရာရှိများထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ ဗဟိုပတ်ဝန်းကျင်ဒေသ၏ မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့အမြဲတမ်းတပ်တည်နေရာဖြစ်သည့် ဘုရားသုံးဆူဒေသရှိ ဗလဲ့ဒွန်းဖိုက်ရွာတွင် ကျင်းပမည့်အစီအစဉ်အား ဖိအားပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဆက်ဆံရေးကနေတဆင့် အခမ်းအနားမလုပ်ဖို့ ပြောလာတယ်၊ ပြီးတော့ အစိုးရတပ်လှုပ်ရှားစစ်ကြောင်း တစ်ကြောင်း မနေ့ညနေပိုင်းမှာ ကျုံးကွီး (ဘုရားသုံးဆူမြို့-ဗလဲ့ဒွန်းဖိုက်ကားလမ်းကြား) ဘက်ကို ရောက်လာတယ်၊ ပြီးခဲ့တဲ့ မွန်အမျိုးသားနေ့အတိုင်းပဲလေ” ဟု မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ရင်းမှူးတစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလက မွန်ပြည်သစ်ပါတီဗဟိုမှ ကျင်းပခဲ့သည့် (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကိုလည်း “လက်နက်ဖြင့် စစ်ရေးပြအခမ်းအနား” ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သတိပေးအကြောင်းကြားစာပေးပို့ခဲ့ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။

အလားတူ မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပမည့် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ရုံးစိုက်ရာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အင်းခွရွာအနီးသို့ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာသည်ဟု သိရသည်။

တဖက်တွင်လည်း UNFC အဖွဲ့ဝင်များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေး လာမည့် သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေးကော်မရှင်နှင့် နို်င်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဆဌမအကြိမ်တရားဝင်ဆွေးနွေးရန် စီစဉ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု DPN ဒုတိယခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

နိုင်အောင်မငေးက “ UNFC အဖွဲ့ဝင်တွေ NCA လက်မှတ်ရေးထိုးမယ့်ကိစ္စ ဒီရက်ပိုင်းအတွင်းမှာ ဆွေးနွေးဖို့ရက်ချိန်းပေးထားပြီးပြီ၊ တပ်မတော်ဘက်က အောက်ခြေမှာ မွန်တော်လှန်ရေးနေ့ကို ခုလိုအကြောင်းရှာလာတာဟာ ငြိမ်းချမ်းရေးအောင်မြင်ဖို့ ယုံကြည်မှုတည်ဆောက်နေတဲ့အချိန်မှာ ဘယ်လိုနားလည်ပေးရမလဲ” ဟု ဆိုသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီ ဦးဆောင်၍ ဗဟိုဌာနချုပ်နှင့် ခရိုင်ရုံးများတွင်၎င်း၊ လူငယ်များဦးစီး၍ ကွယ်လွန်သူ မွန်ခေါင်းဆောင်တို့၏ အုတ်ဂူအသီးသီးရှိရာသို့ ချီတက်ဂါရဝပြု၍၄င်း နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း ကျင်းပမြဲဖြစ်သည်။

ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးသဘောတူစာချုပ်ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ NMSP လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း NCA ကိုရေးထိုးနိုင်ခြင်းမရှိသေးပေ။

Last modified onSunday, 06 သြဂုတ်လ 2017 22:43