တောင်ဘုံကျေးရွာ မွန်တော်လှန်ရေးနေ့အခမ်းအနား လက်နက်ဖြင့်စစ်ရေးပြခြင်းမဟုတ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုး

ကျင်းပရေးကော်မတီနှင့် ရဲအရာရှိတို့ တောင်ဘုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်တွေ့ဆုံစဉ်(photo: MNA) ကျင်းပရေးကော်မတီနှင့် ရဲအရာရှိတို့ တောင်ဘုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်တွေ့ဆုံစဉ်(photo: MNA)

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ လူငယ်များစုစည်းပြီး တောင်ဘုံကျေးရွာတွင် ပြုလုပ်သည့်  အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင်  လက်နက်ဖြင့်စစ်ရေးပြခြင်း မဟုတ်ကြောင်း ဒေသအခြေစိုက် ခမရ (၅၈၇) တပ်ရင်း၌ ဝန်ခံလက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

တောင်ဘုံကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ထွန်းဝေက “လူငယ်တွေစစ်ရေးပြတာကို လာရောက် တားဆီးတာမဟုတ်ပါဘူး။ လက်နက်နဲ့စစ်ရေးပြတာလားဆိုတာ လာရောက်စစ်ဆေးတာပါ။ လက်နက်နဲ့ စစ်ရေးပြတာ မပါဘူးဆိုတာကိုလဲ (၅၈၇) တပ်ရင်းမှာ ကျွန်တော်ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု ဆိုသည်။

အဆိုပါဝန်ခံကတိတွင် လက်နက်ဖြင့် စစ်ရေးပြခြင်းမပါရှိကြောင်းနှင့် ခွင့်ပြုမိန့်မရှိသည့် မည်သည့်အကြောင်းအရာကိုမှ အခမ်းအနားကျင်းပပြုလုပ်မည်မဟုတ်ကြောင်း တောင်ဘုံကျေးရွာ အုပ်ချုပ်ရေးမှူးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

2 MNA
တောင်ဘုံကျေးရွာတွင် မွန်တော်လှန်ရေးနေ့အခမ်းအနား(photo: MNA)


အဆိုပါ သြဂုတ်လ ၇ ရက်နေ့ မွန်တော်လှန်ရေးနေ့ အခမ်းအနားသို့ လူငယ်ဘင်ခရာတပ်ဖွဲ့ ၇၀ နှင့်အတူ ဒေသခံ ၃၀၀ ဦးခန့်တို့ စစ်ရေးပြမချီတက်မီ တပ်မတော်အင်အား (၃၀) ခန့်နှင့် လမိုင်းမြို့မရဲစခန်းတို့မှ တာဝန်ရှိသူများက တောင်ဘုံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ၄င်းတို့အား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ကျင်းပရေးကော်မတီဝင် မင်းဇမ္ဗူရော့က ဆိုသည်။

မင်းဇမ္ဗူရော့က “ကျွန်တော်တို့ မွန်တော်လှန်ရေးအခမ်းအနားလုပ်တာ၊ ကျွန်တော်တို့ အခမ်းအနားအစီအစဉ်တခုလုံးကို လမိုင်းမြို့မရဲစခန်းမှာ တင်ထားပါတယ်။ စစ်ရေးပြအခမ်းအနားပါမယ်ဆိုတာလဲ ထည့်ရေးထားပါတယ်။ ဒါပေမယ့် အခမ်းအနားစဖို့ အချိန်နီးကပ်မှ လာတားတာပါ။ ကျွန်တော်တို့ကတော့ အစီအစဉ်အတိုင်းပဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်” ဟု ပြောသည်။

ယင်းသို့ မွန်းတည့်ချိန်အခမ်းအနားပြုလုပ်ခါနီးတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျေးရွာသို့ ရှောင်တခင်ဝင်ရောက်လာသည့်အတွက် လူငယ်များစိုးရိမ်ထိန့်လန့်မှုဖြစ်ပေါ်ခဲ့သော်လည်း ပြဿနာတစုံတရာဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

အလားတူ မွန်တော်လှန်ရေးနေ့အခမ်းအနားများကို သံဖြူဇရပ်၊ မုဒုံနှင့် ပေါင်မြို့နယ်ရှိ ကွယ်လွန်သူ မွန်အမျိုးသားခေါင်းဆောင်များ၏အုတ်ဂူအသီးသီးသို့ မွန်လူငယ် ၇၀၀ ခန့် ဘင်ခရာတပ်ဖွဲ့များဖြင့် ချီတက်အလေးပြုခဲ့သည်ကို တွေ့ရှိရသည်။

ယခုနှစ်မွန်တော်လှန်ရေးအခမ်းအနားတွင် လက်နက်ဖြင့်စစ်ရေးပြအခမ်းအနားမကျင်းပရန် တပ်မတော်မှ မွန်ပြည်သစ်ပါတီအား ဖိအားပေးမှုရှိသော်လည်း မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဒေသ ၅ နေရာတွင် လက်နက်ဖြင့်စစ်ရေးပြအခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။