မွန်ပြည်နယ်အတွင်း လုံခြုံရေးအစီအမံများ ကြိုတင်ချထားဟုဆို

ပြည်နယ်အတွင်း ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေသည့် လူများရောက်မလာနိုင်စေရန်ကုန်းလမ်းနှင့် ရေလမ်းများတွင် တားဆီးရှာဖွေထိန်းသိမ်းမည့် လုံခြုံရေးအစီအမံများ ကြိုတင်ချထားခဲ့ပြီး ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

အဆိုပါလုံခြုံရေး အစီအမံများ၌ အထူးသဖြင့် မွန်ပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးတို့တွင် မြို့နယ်အလိုက် ပူးပေါင်းစီစစ်ရေးအဖွဲ့များ လုံခြုံရေးချထားမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက စက်တင်ဘာလ ၇ ရက်နေ့၌ မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “ကျနော်တို့ ပြည်နယ်အတွင်းမှာ မလိုလားအပ်တဲ့ လုံခြုံရေးချိုးဖောက်စေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရခိုင်ပြည်နယ်က ပြဿနာတွေ ပြည်နယ်အတွင်းမှာ ကူးစက်မလာစေဖို့အတွက် လုံခြုံရေးအစီအမံတွေ လုပ်ထားပြီးပြီး၊ တဖက်ကလည်း ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပုံမှန်တွေ့ဆုံပြီးတော့ ပြည်နယ်အေးချမ်းသာယာဖို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုတွေလည်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ထားတယ်” ဟုပြောသည်။

ထို့အပြင် ပင်လယ်ကမ်းခြေနှင့် ဆက်စပ်လျှက်ရှိသည့် မြို့နယ်၊ ကျေးရွာများတွင် ရေကြောင်းဘက်မှ သတင်းလက်ဦးရယူရန် လုံခြုံရေးအစီအမံများ ချထားခဲ့ပြီး မသကာင်္ဖွယ်ရာသတင်းများရရှိပါက ချက်ချင်းသွားရောက်စီစစ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် မိမိတို့၏ ကျေးရွာ၊ ရပ်ကွက်များအတွင်း မသကာင်္သည့် မျက်နှာစိမ်းများတွေ့ရှိပါက သက်ဆိုင်ရာ လုံခြုံရေးဌာနဆိုင်ရာများနှင့် တိုင်ကြားရန်လိုအပ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က “လက်ဦးသတင်းရယူမှုကလည်း ကျနော်တို့ကြိုးစားထားတယ်၊ လုံခြုံရေးအစီအမံအကုန်လုံးကို ကျနော်တို့ချမှတ်ထားပြီးသားဖြစ်တယ်၊ လုံခြုံရေးကိုတော့ ၁၀၀ ရာခိုင်နှုန်းတင်ထားတယ်၊ ရှိသမျှအင်အားအကုန် Alert လုပ်ထားတယ်” ဟု စက်တင်ဘာ ၆ ရက်နေ့က မီဒီယာများအား ပြောကြားခဲ့သည်။

မကြာမီက ဘီလူးကျွန်း၊ ဆယ်ပလာကျေးရွာတွင် ဘင်္ဂါလီများလှေသုံးစီးဖြင့် ဝင်ရောက်နေမှုအား လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည်မှာ ကောလဟာလ သတင်းသာဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန် နှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန် မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအဝင်များ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စက်တင်ဘာ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။