ရေးမြို့နယ်ကမ်းရိုးတန်းဒေသများတွင် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ထား

ရေးမြို့နယ်လုံခြုံရေးအထူးအစည်းအဝေး(photo: ရေးတော်ဝင်) ရေးမြို့နယ်လုံခြုံရေးအထူးအစည်းအဝေး(photo: ရေးတော်ဝင်)

မွန်ပြည်နယ်တောင်ဘက်ဒေသ ရေးမြို့နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများသို့ အကြမ်းအဖက်အဖွဲ့များမ၀င်ရောက်နိုင်ရေးအတွက် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ တင်ပြရန်နှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန် စီစဉ်ထားရှိသည်ဟု သိရသည်။

မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကမ်းရိုးတန်းဒေသရှိ အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ အံဒင်၊ နှစ်ကရင်၊ ကော့ဒွတ်၊ ရင်းရယ်၊ ကဗျာဝ ကျေးရွာ အုပ်ချုပ်ရေးမှူးများပါဝင်သည့် လုံခြုံရေးအထူးအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပစဉ် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ရမည့်လုံခြုံရေးအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က '' ရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာဌာနများ၊ ရပ်/ကျေးများ လုံခြုံရေးစီမံချက်တင်ပေးပါ၊ မြို့နယ်အဆင့်လုံခြုံရေးစီမံချက်ပြန်လည်ရေးဆွဲတင်ပြရပါမယ်၊ထူးခြားမှုဖြစ်စဉ်များကို တစ်နာရီခြားတစ်ကြိမ် ရှိ/မရှိ သတင်းပေးရမယ်၊ ထူးခြားလာပါကလည်း အချိန်နဲ့တပြေးညီ တင်ပြပေးရမယ်၊ အရေးကြီးကာလသတ်မှတ်ပြီး အလေးအနက်ထားဆောင်ရွက်ဖို့လိုပါတယ်၊အစွန်းရောက်အကြမ်းဖက်တွေ လှုပ်ရှားနိုင်သည်များကိုလည်း သိရှိထားဖို့လိုအပ်ပါမယ်၊ ဖြစ်စဉ်ဖြစ်လာပါကလည်း ဦးစားပေးအလိုက်ဆောင်ရွက်ကြဖို့လည်း လိုပါတယ် '' ဟု ပြောသည်။

မြို့နယ်ထွေ/အုပ်အပါအ၀င်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ လ၀ကနှင့် စည်ပင်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ရုံးဌာနများစစ်ဆေးခြင်း၊ တည်းခိုခန်းနှင့် ဟိုတယ်မိုတယ် ညစဉ်စစ်ဆေးခြင်းစက်လှေအ၀င်အထွက်များ စိစစ်သတ်မှတ်ခြင်း၊ လိုအပ်ပါက နေအိမ်များ၊ ၀င်ပေါက်၊ထွက်ပေါက်များတွင် ယာဉ်များ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ ''ရဲတပ်ဖွဲ့ဝင်အင်အားတိုးချဲ့ထားပြီး ပုံမှန် နေ့/ည လှည့်လည်ဖို့ဆောင်ရွက်ပါမယ်၊ နေ့/ညပိတ်ဆို့ရှာဖွေမှုများလည်းဆောင်ရွက်မှာဖြစ်သလို စကခ(၁၉)၊ တပ်မတော်ရေတို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိပါတယ် '' ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

လုံခြုံရေးကဏ္ဍအတွက် အနှောင့်အယှက်ဖြစ်လာနိုင်သော နေ့စဉ် မြို့အတွင်းဗျောက်အိုးများဖောက်နေခြင်းကိစ္စကို လည်း ဒေသန္တရအမိန့်တစ်ရပ်ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အလားတူ မွန်ပြည်နယ်အတွင်း ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေသည့် လူများ ရောက်မလာနိုင်စေရန်ကုန်းလမ်း နှင့် ရေလမ်းများတွင် တားဆီးရှာဖွေထိန်းသိမ်းမည့် လုံခြုံရေးအစီအမံများ ကြိုတင်ချထားခဲ့ပြီး ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခင် ၂၀၀၉ ခုနှစ်က ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာဆိပ်ကမ်းသို့ ဘင်္ဂါလီ ၇၀ ဦးခန့်ပါဝင်သော စက်လှေတစ်စီး လာရောက်ကမ်းကပ်ခဲ့ဖူးသည်ဟုလည်း ဒေသခံရပ်မိရပ်ဖများထံက သိရသည်။