တိုင်းရင်းစာပေသင်ကြားနေသည့် ကျောင်းဆရာအားလုံး နေ့စားလပေး အစိုးရဝန်ထမ်းအဖြစ် လျှောက်ထားနိုင်

မွန်ကျောင်းဆရာမများ(Min Min Nwe) မွန်ကျောင်းဆရာမများ(Min Min Nwe)

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအားလုံး နေ့စားလပေး အစိုးရဝန်ထမ်းများအဖြစ် လျှောက်ထားနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

မွန်ပြည်နယ်အနေဖြင့် လက်ရှိအချိန်ထိ လျှောက်လွှာမရရှိသေး၍ အခက်ခဲဖြစ်နေကြောင်း၊ ယင်းကိစ္စကို အမြန်ဆုံး လုပ်ဆောင်ပေးရန်ပြည်နယ်အစိုးရအဖွဲ့ကိုတိုက်တွန်းထားကြောင်း မွန်ပြည်နယ်တိုင်းရင်းသားလူမျိုးများ ရေးရာကော်မတီဥက္ကဌ ဦးထွန်းမင်းအောင်က ပြောသည်။

တိုင်းရင်းသားစာပေများကို အခြေခံပညာ ပြဌာန်းစာအုပ်များတွင် ထည့်သွင်းသင်ကြားနိုင်ရန် ကြိုးပမ်းနေပြီး လတ်တလောတွင် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို သတ်မှတ်ထားသည့် အရည်အချင်းအလိုက် အစိုးရဝန်ထမ်းအဖြစ် လစာပေးပြီး ခန့်အပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ပြောသည်။

၎င်းက “သူတို့က ပညာရေးဝန်ကြီးဌာနရဲ့ဝန်ထမ်းဖြစ်သွားမှာပေါ့။နေ့စားလပေးတွေက နေ့စားခရမှာပေါ့။ Permanent ဖြစ်သွားရင်တော့ မူလတန်းပြဆိုရင် မူလတန်းပြလခ ရမှာပေါ့။ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကိုလည်း စာပို့ထားပါတယ်” ဟု ဆိုသည်။

တိုင်းရင်းသားဘာသာသင်ကြားနေသည့် ဘွဲ့ရရှိထားသူ အသက်(၃၅) နှစ်အောက် ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်း တက်ရောက်စေပြီး အစိုးရဝန်ထမ်းများနည်းတူ လစာများခံစားခွင့်ပေးသွားမှာဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အရည်အချင်း မပြည့်မှီသူများကို နေ့စားလပေးအဖြစ် ခန့်အပ်သွားမှာဖြစ်ပြီး လိုအပ်ပါက တိုင်းရင်းဘာသာနားမလည်သည့် ဆရာ၊ဆရာမများကို ဘာသာပြန်ပေးရမှာဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်ပညာရေးမှူးရုံးသို့ ညွှန်ကြားစာ တစ်စုံတစ်ရာ မရှိသေးကြောင်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင်က ပြောသည်။

ဦးဝင်းနိုင်က “ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရကိုတော့ ဆရာတို့ ဝန်ကြီးဌာနကို အောက်တိုဘာ လကုန်ပိုင်းလောက် စာအရောက်ပြန်ပို့ပေးဖို့ မေတ္တာရပ်ခံထားတယ်။ ဆရာတို့ဆီကို ရောက်လာမှ နိုဝင်ဘာလဆန်းပိုင်းလောက် ဆရာတို့ဌာနကနေ ပညာရေးဝန်ကြီးဌာနကို လက်မှတ်ထိုးပြီးပို့မှ ပညာရေးဝန်ကြီးဌာက အော်ဒါထုတ်ပေးမှာပါ” ဟု ဆိုသည်။

တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ၊ဆရာမများမှာ ယခင် ထောက်ပံ့ကြေး တစ်လကို ၃၀ဝဝဝ ကျပ်သာ ရရှိခဲ့သည့်အတွက် ဝန်ထမ်းအဖြစ်အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့မှုလည်း ရှိသည်။
လက်ရှိမြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့်ဆရာ၊ဆရာများ သောင်းနှင့်ချီရှိနေပြီး အခြေခံပညာကျောင်းများ၏ကျောင်းချိန်ပြင်ပမှာသာ သင်ကြားနေရသည်။