မောင်တောအကြမ်းဖက်မှု စုံစမ်းရေးကော်မတီအစီရင်ခံစာ ပြည်နယ်လွှတ်တော်တွင် တင်သွင်း

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ

မောင်တောအကြမ်းဖက်မှု လေ့လာစုံစမ်းရေးကော်မတီ၏အစီရင်ခံစာကို ဒီဇင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်သည့် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

ယခုတင်သွင်းလိုက်သည့်အစီရင်ခံစာတွင် မောင်တောဒေသ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရသည့် အကြောင်းအရင်းများနှင့် ဒေသခံများအတွက် လုံခြုံရေး၊ ဘဝရပ်တည်ရေး အတွက် စားဝတ်နေရေးလိုအပ်ချက်များကို သုံးသပ်ပြထားကြောင်း ကော်မတီအဖွဲ့ဝင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက နိရဉ္စရာသို့ ပြောသည်။

“ဘယ်နေ့က စလို့ဖြစ်ခဲ့တယ်။ ဘယ်လိုနာမည်တွေနဲ့ အကြမ်းဖက်သမားတွေ ဝင်စီးတယ်။ ၉ ယောက်သေတယ်။ ကျည်ကဒ်ဘယ်လောက်၊ ကျည်ဆံဘယ်လောက် စသည်အားဖြင့် ပေါ့လေ။ ဆိုတော့ ဘာဖြစ်လို့ ကျဆုံးကြရလဲဆိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံခြုံရေး သတိပေါ့လျော့လို့ပဲ”ဟု ဦးကျော်ဇောဦးက သုံးသပ်သည်။

မောင်တောအကြမ်းဖက်မှု စုံစမ်းရေးကော်မတီကို အောက်တိုဘာလတွင် ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီ၏ ပဏာမအစီရင်ခံစာကို ကော်မတီ သက်တမ်း နောက်ဆုံးဖြစ်သည့် ဒီဇင်ဘာလ မကုန်မီ တင်သွင်းရန် လွှတ်တော်က တာဝန် ပေးထားခြင်း ဖြစ်သည်ဟုလည်း ကော်မတီတာဝန်ရှိသူများက ပြောသည်။

“ဒီအစီရင်ခံစာကြောင့် မောင်တောဒေသ ဘာတွေတိုးတက်ပြောင်းလဲလာမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့လေ”ဟု ကော်မတီအတွင်းရေးမှူးဖြစ်သူ ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က သုံးသပ်ပြောဆိုသည်။

အဆိုပါကော်မတီအနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မောင်တောဒေ၏အခြေအနေ အပေါ်မူတည်၍ ပြည်နယ်လွှတ်တော်က ဆက်လက် တာဝန်ပေးလျှင်လည်း တာဝန်ပေးသည့်အတိုင်း ဆက်လက်တာဝန် ထမ်းဆောင်ရ မည်ဟု သိရသည်။