ပေါက်တောမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သံသယဖြင့် ဖမ်းဆီးခံထားရသူ၏ မိသားစုက ဖမ်းဆီးထားသူ စခန်းမှူးကို တရားစွဲမည်

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မိသားစု တစ်ခုမှ အမှုနှင့် မသက်ဆိုင်သူ သူတို့ မိသားစု ၀င် တစ်ဦးအား ရဲက ဖမ်းဆီးထားသဖြင့် ဖမ်းဆီးထားသူ စခန်းမှူးကို တရားစွဲဆိုသွားမည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံထားရသူ ပေါက်တောမြို့နယ် လွမ်းဦးကျေးရွာမှ မောင်စိုးနိုင်(ခ) ငမဲကြီးဖြစ်ပြီး သူ့အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်း ခမောင်းချောင်းကျေးရွာတွင် သတ်ဖြတ်ခံခဲ့ရသော မသန္တာသန်းအမှုနှင့် ဆက်စပ်ပြီး သံသယဖြင့် ရဲက ဖမ်းဆီးထားသည်ဟု မိသားစုမှ နိရဉ္စရာသို့ ပြောသည်။

မတရားဖမ်းဆီးထားမှုပတ်သက်ပြီး ပေါက်တောမြို့နယ် ကျောက်တောင်ရဲစခန်းမှ စခန်းမှူးကို တရားစွဲမည်ဟု မောင်စိုးနိုင်၏ မိခင်ဖြစ်သူနှင့် ဦးရီးတော်စပ်သူက ပြောသည်။

စခန်းမှူးအား တရားစွဲဆိုရန် မောင်စိုးနိုင်၏ မိခင်ဖြစ်သူနှင့် ဦးရီးတော်စပ်သူတို့သည် ယခုအခါ စစ်တွေမြို့သို့ ရောက်ရှိနေကာ ရှေ့နေများနှင့် ညှိနှိုင်းနေပြီး လာမည့် ကြာသပတေးနေ့တွင် ပေါက်တောမြို့နယ် တရားရုံး၌ တရားဆိုသွားမည်ဟု သိရသည်။

“ကျွန်တော်က သူရဲ့ဦးလေးတော်စပ်သူ နတ်စာရင်းကျေးရွာ အုပ်ချုပ်ရေးမှူးပါ။ ဒီအမှုက သက်သက် လုပ်ကြံဖန်တီးတာပါ။ အခင်းဖြစ်ပွားတဲ့အချိန်မှာလည်း သူက ချီဝေပိုက်ဆိပ် တံငှာလုပ်ငန်းမှာ ရှိနေပြီးတော့ ကမ်းမှာ မရှိပါဘူး။ ဒီအမှုမှာ စွပ်စွဲခံထားရသူဘက်က စခန်းမှူးကို တရားစွဲဆိုတဲ့အခါမှာ သက်သေတွေအနေနဲ့ ကျွန်တော်နဲ့ လွမ်းဦးအုပ်ချုပ်ရေးမှူးရယ်၊ လွမ်းဦးရွာက ရွာသားတွေနဲ့ ချီဝေရွာက ရွာသားတွေလည်းပါမှာပါ”ဟု နတ်စာရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းရွှေက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မသန္တာသန်း သေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသည့် သူ၏တူအား နယ်မြေခံရဲက လာရောက်ဖမ်းဆီးစဉ် ယူနီဖောင်း ၀တ်ဆင်ထားခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေးမှူးလည်း မပါဝင်ဟု ဦးမောင်သိန်းရွှေက ပြောသည်။

ခမောင်းချောင်းကျေးရွာမှ မသန္တာသန်း အသတ်မခံရမီ အဆိုပါဒေသသို့ ပခုက္ကူမြို့မှ အ၀တ်အထည် ရောင်းချနေသူများအတွက် ပစ္စည်းအငှားထမ်းအလုပ်ကို သူမ လုပ်ဖူးကြောင်း၊ မသန္တာသန်း သတ်ဖြတ်ခံရပြီးချိန်တွင် အဆိုပါ ပခုက္ကူမြို့မှ အထည်ရောင်းသူများလည်း မတွေ့ရတော့ကြောင်း၊ သူတို့သည် အဆိုပါဒေသသို့ အခင်းမဖြစ်ပွားမီ ၃ လကတည်းက ရောက်ရှိနေခြင်းဖြစ်ပြီး ရရှိရန် အကြွေးများကိုတောင် မကောက်ခံဘဲ တိမ်းရှောင်သွားသည်မှာ သံသယဖြစ်ဖွယ်ရာရှိနေသည်ဟု အဖမ်းခံထားရသူ၏ ဆွေမျိုးများကပြောသည်။