၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ စစ်တွေတွင် ပြုလုပ်

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ
သတင်းစာရှင်းလင်းပွဲနှင့် သတင်းယူနေသောရခိုင်သတင်းထောက်များ သတင်းစာရှင်းလင်းပွဲနှင့် သတင်းယူနေသောရခိုင်သတင်းထောက်များ

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စစ်တွေမြို့ အာရီယန်ခန်းမတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ခွဲအချိန်က ပြုလုပ်ခဲ့သည်။

၈၈ ရခိုင်မျိုးဆက် လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး ကိစ္စ၊ ဒေသဖွံ့ဖြိုးရေးများကိစ္စ၊ တခြားသော မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ အမျိုးသား စည်းလုံး ညီညွတ်ရေး ကိစ္စ၊ ရခိုင်သဘာဝသယံဇာတ ပွင့်လင်းမြင်သာမှု မရှိ ထုတ်လုပ်သုံးစွဲနေမှုအပေါ် လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပူးပေါင်း ပါဝင်သွားမည့် ကိစ္စရပ်များကို တွေ့ဆုံတွင်ပွဲ ဆွေးနွေးခဲ့ကြသည်ဟု အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ကိုခိုင်ဆန်းအောင်က သတင်းစာရှင်းလင်းတွင် ပြောသည်။

အကြံပေးအဖွဲ့ဝင် ဦးသန်းလှိုင်က “ကျွန်တော်တို့ ၈၈ ရခိုင်မျိုးဆက်အဖွဲ့က RNDPနှင့် ALD ပူးပေါင်း ပေါင်းစည်းရေး လုပ်ငန်းမှာ သံတွဲညီလာခံမှာ ဖြစ်မြောက်ရေးမှာ ကြားထဲကနေပြီတော့ ကြိုးပမ်းဆောင်ရွက်တဲ့ အထဲမှာ ပါဝင်ခဲ့တယ်။ ဒါကလည်း ကျွန်တော်တို့ အမျိုးသားရေး အတွက် ဆောင်ရွက်နိုင်ခဲ့တဲ့ ကြီးမားတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ယူဆပါတယ်။ နောက်ထပ် ပုဏ္ဏားကျွန်းက လယ်ယာမြေ သိမ်းဆည်း ခံရတဲ့လုပ်ငန်းစဉ်တွေမှာ ရန်ကုန်မှာရှိတဲ့ ရှစ်ဆယ်ရှစ် မျိုးဆက် ပွင့်လင်း လူမှု အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လယ်ယာမြေ သိမ်းဆည်းခံတွေကို ဖော်ထုတ်ခဲ့တာရှိတယ်။ စစ်ဘေး၊ မီးဘေး၊ ရေဘေးတွေမှာလည်း တတ်နိုင်သမျှ အလှူငွေ ကောက်ခံပြီးတော့ ရခိုင်ပြည်သူတွေကို လှူဒါန်းခဲ့တာတွေရှိတယ်” ဟု အကြံပေးအဖွဲ့ဝင် ဦးသန်းလှိုင်ကပြောသည်။

၈၈ အရေးအခင်း ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲအတိုင်ခင်မှာ ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ် ပေါ်ပေါက် ခဲ့ခြင်းကြောင်း၊ သို့သော် ရွေးကောက်ပွဲ မ၀င်ဘဲ ရခိုင် နိုင်ငံရေး ပါတီများ ညီညွတ်ရေးကို ကြိုးစားခဲ့ကြောင်း၊ ယခုလည်း ရက္ခိုင်ကျောင်းသားလူငယ်များ အဖွဲ့ချုပ် မူကို ကိုင်စွဲပြီး ရခိုင်နိုင်ငံရေး ပါတီများ ညီညွတ်ရေး၊ ရခိုင်ပြည်သူများ ညီညွတ်ရေးကို ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးသန်းနိုင်က ဆက်ပြောသည်။

အဖွဲ့၏ ဥက္ကဋ္ဌ ဦးအောင်သိန်းက “ကျွန်တော်တို့ ၈၈ ရခိုင်မျိုးဆက်အဖွဲ့က ပြည်သူလူထုနှင့် တစ်သာတည်း ရှိနေခဲ့တယ်။ ယခင်ကလည်း တစ်သားတည်းရှိတယ်။ နောက်ထပ်လည်း တစ်သားတည်း ရှိနေမှာပါ။ ပြည်သူဆန္ဒနှင့် အညီ အမြဲတမ်း တစ်သားတည်း ရှိနေမှာ ဖြစ်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့သည် ရခိုင် သဘာဝသယံဇာ ရခိုင်ပြည်သူများ ပိုင်ဆိုင်ခွင့်ရရှိရေး အတွက် စစ်တွေမှ ကျောက်ဖြူသို့ လမ်းလျှောက်ချီတက်ရာတွင်လည်း တစ်ခြား လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ ၎င်းပြင် တစ်ခြား လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပညာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိနေကြောင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးတင်လှက ပြောကြားသည်။

၎င်းပြင် အကြံပေး အဖွဲ့ဝင် ဦးသန်းနိုင်က “ရခိုင်ပြည်သူတွေ အထူး ဆင်းရဲနွမ်းပါးနေတာကို ပြည်ထောင်စု အစိုးရကမသိတာလား။ ကျွန်တော် မေးခွန်း မေးချင်တယ်။ ရခိုင်တွေဟာဆင်းရဲတယ်။ ရခိုင်တွေဘာကြောင့် ဆင်းရဲ တယ်ဆိုတာကို ပြည်ထောင်စု အစိုးရက သိဖို့လိုအပ်တယ်။ ပညာရေး၊ ကျန်းမားရေး၊ လမ်းပန်းဆက်သွယ်ရေး အဲဒီဟာတွေကို အဓိကသိစေချင်တယ်။ အဲတာတွေကို လုပ်ပေးစေချင်တယ်။ ကျေးရွာတွေမှာဆိုရင် ကောင်းတဲ့ စာသင်ကျောင်းမရှိဘူး။ စာသင်ကျောင်းရှိပြန်ရင်လည်း သင်ထောက်ကူ ပစ္စည်းတွေ မရှိဘူး။ ကလေးတွေဟာ ဒီလို ချမ်းအေးတဲ့ ရာသီမှာ မြေကြီးပေါ်မှာ ထိုင်ပြီး စာသင်နေကြရတယ်။ ဆေးခန်းဆိုတာလဲ ကျေးရွာတွေမှာ မရှိပါဘူး။ ဒါတွေကို အစိုးရသိအောင်ပြောတာဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အဖွဲ့အနေနဲ့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၈၈ ရ ခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၄ ရက်ကနေ ၅ ရက်နေ့ထိ ကျင်းပခဲ့ပြီး သဘောထား ထုတ်ပြန်ကြေငြာချက် တစ်စောက်ကိုလည်း အချက်လေးချက်နှင့် ထုတ်ပြန်ခဲ့သည်။

ယခု ပြုလုပ်သော နှစ်ပတ်အစည်းအဝေးတွင် အကြံပေး ၅ ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၁၅ဦး၊ အဖွဲ့ဝင် ၁၉ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Last modified onMonday, 06 ဖေဖေါ်ဝါရီလ 2017 16:51