ရဟန်းတော်များနှင့် တိုင်းရင်းသားပြည်သူများကို အစိုးရအနေဖြင့် လေးစားစွာဆက်ဆံရန် မောင်တောတွင် တစ်ကိုယ်တော် ဆန္ဒပြသူ တောင်းဆို

ဧပြီလ ၂၈ ရက်နေ့တွင် မောင်တောမြို့တွင် တစ်ကိုယ်တော် ဆန္ဒပြသူ တစ်ဦးက အစိုးရအနေဖြင့် ရဟန်းတော်များ၊ ပြည်သူများနှင့် တိုင်းရင်းသားများကို လေးစားစွာဆက်ဆံရန် တောင်းဆိုခဲ့သည်။

တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူမှာ မောင်တောမြို့ လူမူကွန်ယက်မှ ဦးစိန်လှဖြူဖြစ်သည်။

၎င်းသည် ယနေ့ နေ့လယ် ၁နာရီ ၁၅ မိနစ်တွင် မောင်တောမြို့ မြို့မ အားကစားကွင်းမှ ပိုစတာများကို ၀ါးဖြင့် ထမ်းပိုးပြီး မြို့သစ်လမ်း၊ ဦဥတ္တမ လမ်းနှင့် ဈေးကြီး လမ်းအတိုင်း မြို့ကို တစ်ပတ် ပတ်ကာ သာဿနာ့ ဗိမာန်တော်ကြီး လမ်းမှ တစ်ဆင့် မြို့မ အားကစား ကွင်းအထိ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ပိုစတာများတွင်
(၁)ရဟန်းသံဃာတော်များကို အစိုးရကကြည်ညိုလေးစားပါ။
(၂)ပြည်သူလူထု၏ ဆန္ဒကို အစိုးရက လေးစားပါ။
(၃)တိုင်းရင်းသားများကို အစိုးရကလေးစားစွာဆက်ဆံပါ။
(၄) မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ခိုင်န်ီမင်းတို့ ချက်ချင်း လွတ်ပေးရေး တို့ကို ရေးသား တောင်းဆိုထားသည်။

ဦးစိန်လှဖြူအား တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းရာ သူက “မြတန်ဆောင်း ဆရာတာ် ဦနန္ဒသာရ နှင့် ခိုင်နီမင်း တို့အား ချက်ချင်း လွတ်ပေးရေး အတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရဟန်းတော်များ၊ ပြည်သူများနှင့် တိုင်းရင်းသားများကို လေးစားစွာဆက်ဆံဖို့ လိုပါတယ်။ အခု မြတန်ဆောင်း ဆရာတော်ကို ဖမ်းဆီးတာဟာ ရဟန်းတော်တွေကို မလေးစားရောက်သလို ရခိုင်တိုင်းရင်းသားတွေရဲ့ လိုလားချက်ကိုလည်း မျက်ကွယ်ပြုရာ ရောက်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ဦးစိန်လှဖြူမှာ မတရားဆက်သွယ်ခြင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံထားရသော မြတန်ဆောင်း ဆရာတော်နှင့် ရခိုင်ပြည်နယ် ထောင်ထဲရှိ အကျဉ်းသားများ၊ မြန်မာနိုင်ငံ ထောင်အသီးသီးရှိ အကျဉ်းသားများကို လွတ်ပေးစေလိုသည်သာမက မတရားအသင်း ပုဒ်မ ၁၇ (၁) ကိုလည်း ဖျက်သိမ်းပေးစေလိုသည်ဟု ပြောဆိုသည်။