ရခိုင်လူငယ်ညီလာခံအတွက် ပြည်ထောင်စု အစိုးရ၏ ဆုံးဖြတ်ချက်နှင့် အညီသာ ပံ့ပိုးကူညီမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြောစကားအပေါ် ရခိုင်လူငယ်များက ဘ၀င်မကျဟုဆို

ရခိုင်လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက်လိုအပ်သည်များကို ရခိုင်ပြည်နယ်အစိုးရက ပံ့ပိုးပေးသွားမည် ဖြစ်သော်လည်း ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့အညီသာ၊ နိုင်ငံတော်၏ မူဝါဒ ဆုံးဖြတ်ချက်နှင့် အညီသာ ပြည်နယ် အစိုးရမှ ကူညီပေးမည်ဟု ရခိုင်ဝန်ကြီးချုပ်က ပြောဆိုသည့် အပေါ် ဘ၀င်မကျ ဖြစ်မိသည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် မေလ ၁၅ ရက်နေ့က တွေ့ဆုံရာတွင် ပါဝင်သူ လူငယ်များက ပြောကြားသည်။

"ကျနော့်စိတ်ထဲမှာ နည်းနည်း ဘဝင်တစ်ခုမကျတာကတော့ ဝန်ကြီးချုပ်ကဘာပြောလဲဆိုတော့ ကူညီပေးဖို့ ဆိုတဲ့အပိုင်းမှာလည်း လုပ်ဆောင်ပေးမယ်ဆိုတဲ့အပိုင်းမှာလည်း ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ အညီသာ၊ နိုင်ငံတော်၏ မူဝါဒဆုံးဖြတ်ချက်နဲ့အညီသာ လုပ်ဆောင်ပေးဖို့ဖြစ်တဲ့အတွက် ကျနော်တို့ ဘက်ကတော့ ဒီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဝန်ကြီးချုပ်ကိုပါ နည်းနည်း အားမလို အားမရ ဖြစ်မိပါတယ်"ဟု ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ကိုမင်းသိဏ်းဇံက ဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တစ်ဦးအနေဖြင့် ရခိုင်လူငယ် ညီလာခံ ဖြစ်မြောက်ရေးအတွက် ကူညီပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ကူညီပေးလျှင် ရနိုင်သည်ဟု မြင်ကြောင်း၊ ၀န်ကြီးချုပ် တစ်ဦးအနေဖြင့် လုပ်ပိုင်ခွင့်ရှိသည်ဟုထင်မြင်ကြောင်း၊ အသေးအဖွဲ့က အစ ပြည်ထောင်စုကို တင်ပြစရာမလို၊ ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို ကြည့်နေစရာမလိုဟု မြင်ကြောင်း၊ သို့အတွက် ၀န်ကြီးချုပ်အပေါ် အားမလို အားမရ ဖြစ်မိပါကြောင်း သူက ပြောကြားသည်။

ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီနှင့် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ မေလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီက ဝန်ကြီးချုပ်ရုံးခန်းတွင်တွေ့ဆုံခဲ့ကြသည်။

ဝန်ကြီးချုပ်က "ကျွန်တော်တို့ကတော့ လူငယ်တွေကို အမြဲတမ်းဖိတ်ခေါ်တယ်။ လူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ်။ လိုအပ်တာကိုလည်း ပံ့ပိုးကူညီဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ရှိတယ် " ဟုလဲ ပြောသည်။

ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေးအတွက် ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီပေးရမည့်အပိုင်းများကို ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင်များအနေဖြင့် စီမံချက်များရေးဆွဲတင်ပြရန်လည်း အစိုးရအဖွဲ့ဝန်ကြီးများက တိုက်တွန်းသွားခဲ့သည်။

"စီမံချက်ရေးဆွဲတင်ပြလာတဲ့အခါ ကျွန်တော်တို့ ကတ်ဘိနတ်မှာ ဆွေးနွေးပေးပါ့မယ်"ဟုလည်း အခွန်၊ ဘဏ္ဍာ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ဆိုသည်။

ရခိုင်လူငယ်ထုတစ်ရပ်လုံး၏အသံကို နိုင်ငံတော်အဆင့်ထိသိရှိနိုင်ရန်ရည်ရွယ်ပြုလုပ်မည့် ရခိုင် လူငယ်ညီလာခံကို လာမည့်ဒီဇင်ဘာလအတွင်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ကျင်းပရန် စီစဉ်ထားသည်ဟုလည်း သိရသည်။