ရုံးထုတ်ရာတွင် ခိုင်နီမင်းဝတ်ထား ရခိုင်တံဆိပ်ပါ အကျီ င်္ကို ဆွဲချွတ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုင်နီမင်း ရိုက်နှက်ခံခဲ့ရဟုဆို

မတရားအသင်းပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် မြောက်ဦးရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် မြတန်ဆောင်း ဆရာတော်နှင့် ခိုင်နီမင်းတို့ကို ယနေ့ရုံးထုတ်ရာတွင် ခိုင်နီမင်း ၀တ်ထားသည့် ရခိုင်တံဆိပ်ပါ အင်္ကျီကို ရဲက ချွတ်ခိုင်းရာမှ မချွတ်သဖြင့် ရဲက ဆွဲချွတ်ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခိုင်နီမင်းအား တာဝန်ကျ ရမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“အဲဒီလို ရိုက်နှက်ခံရတယ်ဆိုတဲ့အကြောင်းကို ခိုင်နီမင်းကိုယ်တိုင် ဖုန်းဆက်ပြီးတော့ ကျွန်မကို ပြောတာပါ။ ကျွန်မတို့က အခု တရားရုံးရှေ့ကို ရောက်ရှိနေပါတယ်။ ဖြစ်ပွားပုံကတော့ ရုံးထုတ်တဲ့အချိန်မှာ သူက ရခိုင်တံဆိပ်နဲ့ အင်္ကျီဝတ်ထားတာကို ရဲက ပေးမ၀တ်ဘဲ ချွတ်ခိုင်းတယ်လို့ ဆိုပါတယ်။ အဓမ္မဆွဲချွတ်တဲ့အခါမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ အခုလိုမျိုးရိုက်နှက်ခံရတယ်လို့ ပြောပါတယ်”ဟု မြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်ရာသို့ ရောက်ရှိနေသည့် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ ရိုက်နှက်မှုကို ခံခဲ့ရသည့်အတွက် ခန္ဓာကိုယ်များ နာကျင်နေပြီး ညနေပိုင်းတွင် ဆေးခန်းပြခွင့်ပြုရန် တောင်းဆိုထားသည်ဟု ဖုန်းမှတဆင့် ပြောကြားကြောင်း ဒေါ်ကျော့စိန်က ပြောသည်။

ယနေ့ရုံးထုတ်ရာတွင် မြတန်ဆောင်းဆရာတော်ကို အခြားသူများနှင့် တွေ့ခုံပြုသော်လည်း၊ ခိုင်နီမင်းကိုမူ ဆရာတော်နှစ်ပါးမှလွဲ၍ အခြားသူများနှင့် တွေ့ခွင့်မပြုဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲ၏ အတည်ပြုချက် ရယူနိုင်ရန် မြောက်ဦးရဲစခန်းသို့ နိရဉ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကို လက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့သည် ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၈ ကြိမ်မြောက် AA ဖလားဘောလုံးပွဲကို ကျင်းပရန် စီစဉ်ခဲ့ရာမှ ယင်းနေ့တွင်ပင် မတရားအသင်းပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် ရဲ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။