ပြည်သူ့စစ်ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့သော ဗုံးပေါက်ကွဲမှု စုံစမ်းစစ်ဆေးနေ

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ

ကချင်ပြည်နယ်၊ မိုးမောက်မြို့ဈေး၊ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြည်သူ့စစ်ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အား တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လဝါယန်ဌာနေ ပြည်သူ့စစ်မှ ဗိုလ်မှူးနော်ဆန်းမှာ ဦးခေါင်းနောက်ပိုင်းနှင့် ခါးပြင်းထန်ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားနေရာ၌ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ ဦးအနက် တစ်ဦးမှာ လည်း ခန္ဓာကိုယ်ညာဘက်တစ်ခြမ်း ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

“ လက်ရှိမှာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်တာကတော့ ခုချိန်ထိတော့ စုံစမ်းလို့တော့ မရသေးဘူးဗျာ။ နောက်ထပ်တော့ ဘာမှ ထူးခြားမှုတော့ မရှိပါဘူး။ မြို့အဝင်အထွက်တွေမှာလည်း   မြစ်ကြီးနားမြို့ကို   ဖြတ်တဲ့၊ မိုးမောက်မြို့က ထွက်တဲ့နေရာတွေမှာ တပ်ကရော၊ ရဲကရော အသေးစိတ် ရှာဖွေမှုတွေလုပ်နေပါတယ်။ ကားတွေ၊ ဆိုင် ကယ်တွေကို အဓိက စုံစမ်းစစ်ဆေးနေတာပေါ့”ဟု အမှုဖြစ်စဉ်အား လက်ရှိစုံစမ်းစစ်ဆေးနေမှု အနေအခြေနှင့် ပတ်သက်ပြီး ဦးနေဝင်းက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လက်ဖက်ရည်ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်တစ်စီးအတွင်းမှ ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ကနဦးယူဆထားပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်တစ်စီးမှာ သုံးပိုင်းခန့် တစ်စစီပျက်စီးသွားခဲ့ပြီး စုစု ပေါင်း ဆိုင်ကယ် ၄ စီးခန့် ပျက်စီးခဲ့သည်။

အခင်းဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီ၊ ၁ဝ မိနစ်ခန့်အချိန်က လဝါယန် ဌာနေ ပြည်သူ့စစ်မှ ဗိုလ်မှူးနော်ဆန်းမှာ မိုးမောက်မြို့ဈေး၊ ဗန်းမော် - မြစ်ကြီးနားကားလမ်း အရှေ့ဘက်ခြမ်း ရှိ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်အပြီး ဆိုင်ရှေ့တွင်ရပ်ထားသည့် ၄င်းကားသို့ သွားစဉ်တွင် အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Last modified onMonday, 24 ဂျူလိုင်လ 2017 15:33