နိုင်ငံတကာ NGO များ မ၀င်ရောက်ခင်က ရခိုင်တွင်မည်သည့် ပြဿနာမှဖြစ်ပွားခဲ့ခြင်းမရှိဟု ဘူးသီးတောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ

ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာအန်ဂျီအို (INGO) များ မ၀င်ရောက်ခင် ရခိုင်ဒေသတွင်မည်သည့် ပြဿနာမှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

Parliamentဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်သန္တာက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဇူလိုင်လ ၂၅ ရက်နေ့က လွှတ်တော်တွင် ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေမှ ထောက်ခံ ဆွေးနွေးရာတွင် ထိုသို့ထုတ်ဖော် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ UNHCR အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများဟာ ကျွန်တော်တို့ ဘူးသီးတောင်၊ မောင်တောဒေသကို ၁၉၉၄ ခုနှစ်ကတည်းကစပြီး ၀င်ရောက်နေတာ ယခုအချိန်ထိ အဖွဲ့ပေါင်း ၁၆ ဖွဲ့နဲ့ နှစ်ပေါင်း ၂၀ ကျော်ခန့် တစ်ဖက်သတ် ဘင်္ဂါလီလူမျိုးများကို ကူညီပေးလျှက်ရှိနေပါတယ်။ ဒီအဖွဲ့တွေ မ၀င်ရောက်ခင် ကျွန်တော်တို့ ဒေသမှာ ဘာပြသနာမှမရှိခဲ့ပါဘူး” ဟု သူက ပြောကြားသွားခဲ့သည်။

၎င်းပြင်သူ က “ အန်ဂျီအိုအဖွဲ့တွေဟာ နိုင်ငံတကာအလှူငွေတွေကို ရရှိနိုင်ဖို့အတွက် ဘင်္ဂါလီလူမျိုးတွေကို ခွဲခြားဆက်ဆံခံနေရပါတယ်ဆိုတဲ့ နည်းမျိုးစုံနဲ့ ကမ္ဘာ့သနားစရာ လူသားတွေအဖြစ် ပုံဖော်ဖန်တီးနေကြပါတယ်” ဟုဆိုသည်။

“ အန်ဂျီအိုဝန်ထမ်းတွေနဲ့ သူတို့သွားချင်တဲ့နေရာသွားပြီး လုပ်ချင်သလို လုပ်နေကြတဲ့ ကျွန်တော်တို့ရခိုင်ဒေသလိုနေရာမျိုးမှာ ဒီအဖွဲ့တွေရှိနေခြင်းဟာ ဒေသတွင်း ပြသနာဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးပေးနေသလိုဖြစ်နေပါတယ်။ ဒါကြောင့်ရခိုင်ဒေသအတွင်း ပြသနာပဋိပက္ခမဖြစ်ပေါ်ရအောင် ကုလသမဂ္ဂနဲ့နိုင်ငံတကာ အဖွဲ့အစည်းများအား တားဆီးပေးပါရန် အကြံပြုတိုက်တွန်းလိုပါတယ်” ဟု ပြောဆိုသည်။

ဦးအောင်သောင်းရွှေက “ လူ့အခွင့်အရေး လူသားချင်းစာနာထောက်တားမှုတွေကို ဗန်းပြပြီး နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေး၊ တရားဥပဒေစိုးမိုးရေးတို့မှာ ၀င်ရောက်စွက်ဖက်ရာရောက်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့များရဲ့ လုပ်ရပ်များကိုလည်းကောင်း၊ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်သူ မစ္စယန်ဟီးလီရဲ့ အစီရင်ခံစာနဲ့ သတင်းထုတ်ပြန်ချက်များကိုလည်းကောင်း ပြင်းထန်စွာကန့်ကွက် လိုက်ရပါကြောင်း” ဒေါ်သန္တာ၏ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးရာတွင် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။