မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ နေရပ်စွန့်ခွာလာသူများအား အကူအညီများ ထောက်ပံ့

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရခိုင်ပြည်နယ်မှ တာဝန်ရှိသူများသည် သြဂုတ်လ ၇ရက်နေ့ နံနက်ပိုင်းတွင် စေတီပြင်နယ်မြေသို့ ရောက်ရှိလာပြီး နေရပ်စွန့် ခွာလာသူများကို အကူအညီများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဟုတ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအနေနဲ့ ပြည်သူများ ဘေးဒုက္ခ ကယ်ဆယ်ရေး၊ ဘေးဒုက္ခကျနေသူများကို ကျန်းမာရေး မြင့်တင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီက ဘေးဒုက္ခရောက်နေသူတွေကို ကူညီဖို့ ရောက်လာတာပါ” ဟု မြန်မာ ကြက်ခြေနီအသင်း ပြည်နယ်ဒုတိယ တပ်ဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။

စေတီပြင်ကျေးရွာတွင် ရောက်ရှိခိုလုံနေကြသော ကျေးရွာ သုံးရွာမှ အိမ်ထောင်စု ၇၆ စု အတွက် စောင်၊ ခြင်ထောင်၊ ဆန်အိတ်အသေး တစ်အိတ်နှင့် တစ်ကိုယ်ရေ ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ အခုလူတွေက ကြောက်လန့်ပြီးတော့ နေရပ်စွန့်ခွာသူတွေ၊ ခဏတဖြုတ်လာကြတဲ့သူတွေ ဖြစ်ကြပါတယ်။ အေးချမ်းတည်ငြိမ်လာတဲ့ အခါ ကိုယ်ရပ်ရွာကို ကိုယ်ပြန်ကြမယ့်သူတွေ ဖြစ်တဲ့အတွက် လတ်တလော လိုအပ်တဲ့ အကူအညီတွေကို ကျွန်တော်တို့ ကူညီတာပါ” ဟု ပြောဆိုသည်။

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ရွာသို့ ချွတ်ပြင်၊ ပိတောက်မြိုင် (နတလ)နှင့် ပြင်ရှည် ကျေးရွာသုံးရွာမှ မိသားစု ၇၆ စုခိုလုံနေကြသည်ဟု သိရသည်။