စက်လှေပေါ်မှ ပြုတ်ကျ၍ လူနှစ်ဦးပျောက်ဆုံးသည့် ဖြစ်စဉ်နှစ်ရပ် ရခိုင်တွင် ဖြစ်ပွား

  • ခုနှစ်
  •  နိရဉ္စရာ
  • နိရဉ္စရာ
 ပေါက်တောမြို့မှ လူပျောက်ရှာ မီးသတ်တပ်ဖွဲ့/ ဓါတ်ပုံ-စံမြတ်ရွှေ ပေါက်တောမြို့မှ လူပျောက်ရှာ မီးသတ်တပ်ဖွဲ့/ ဓါတ်ပုံ-စံမြတ်ရွှေ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် စက်လှေပေါ်မှ ပြုတ်ကျ၍ လူနှစ်ဦးပျောက်ဆုံးနေသည့် ဖြစ်စဉ် နှစ်ရပ် သီခြားစီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် ဖြစ်စဉ်တွင် ကျော်ရှင်ကျေးရွာမှ စစ်တွေသို့ ဆန်သယ်ယူလာသည့် စက်လှေပေါ်မှ ပဲ့ကိုင် ဖြစ်သူ ဦးမောင်ကြီး (၅၁) နှစ်သည် သြဂုတ်လ ၁၀ ရက်နေ့ နံနက်က စက်လှေပေါ်မှ ရေထဲ ပြုတ်ကျပြီး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“သူတို့က ပေါက်တောမြို့နယ် ကျော်ရှင်ကျေးရွာကနေ မနက် ၅ နာရီကျော်ကျော်လောက်မှာ ဆန်အိတ် ၅၀ လောက်ကိုတင်ပြီး စစ်တွေကို သွားတဲ့အခါမှာ တောင်းဖူးကျေးရွာအလွန် ပွဲကြီးတောင်အနီး ရေဆုံတဲ့နေရာမှာ မိုးသက်လေပြင်းနဲ့တိုးပြီး ပဲ့ကိုင်ဦးမောင်ကြီးဟာ တက်ပဲ့ကို မထိန်းနိုင်ဘဲ မြစ်ရေထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်” ဟု ပေါက်တောမြို့ မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ မြစ်ထဲ ပြုတ်ကျသည်ကို သတင်းကြားသည်နှင့်ချက်ချင်း နံနက် ၇ နာရီ ကျော်ခန့်တွင် မီးသတ်ဦးစီးမှူးအပါအ၀င် မီးသတ်တပ်ဖွဲ့ဝင် ၈ ဦးက ရှာဖွေကယ်ဆယ်ရေးအမြန်ယာဉ်ဖြင့် လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့များနှင့်အတူ နေ့လယ် ၁၂ နာရီခန့်ထိ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါစက်လှေတွင် ဦးမောင်ကြီး အပါအ၀င် သူ၏ ဇနီး ဒေါ်မဲမ၊ အဖေါ် အမျိုးသမီးတစ်ဦးနှင့် နောက်ထပ် အမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦး လိုက်ပါလာပြီး ပျောက်ဆုံးသူ ဦးမောင်ကြီးမှ လွဲ၍ တစ်စုံတစ်ဦးမျှ ပျောက်ဆုံး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

မြေပုံမြို့နယ် ဖြစ်စဉ်တွင် သရက်တောကျေးရွာအနီးတွင် စက်လှေတစ်စီး၏ ပန်ကာ ငါးဖမ်းပိုက်ဖြင့် ငြိရာမှ စက်လှေမောင်းသူ ရေထဲသို့ ပြုတ်ကျပြီး ပျောက်ဆုံးနေသည် ဟု မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးဦးကျော်မိုးက နိရဉ္စရာသို့  ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက် နေ့လယ် ၁၁ ခွဲခန့် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းစက်လှေသည် မြေပုံမြို့ မှ ချောင်ကျကျေးရွာသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ချောင်ကျကျေးရွာမှ ဦးလေအောင်ချေ ( ၄၆) နှစ် ဖြစ်ဟု သိရသည်။

'' မိသားစု ၇ယောက်စီးလာတဲ့စက်လှေ ပန်ကာ ပိုက်နဲ့ငြိပြီးတော့ စက်လှေမောင်းသူ ပြုတ်ကျသွားတာပါ။ အခုထိတော့ ရှာလို့ မရသေးပါဘူး'' ဟု ဦးကျော်မိုးက ပြောသည်။

စက်လှေပေါ်မှ ပြုတ်ကျပျောက်ဆုံးနေသူအားသြဂုတ် ၁၀ ရက်နေ့ထိ ရှာမတွေ့သေးကြောင်း ဦးကျော်မိုးက ပြောသည်။