ပြည်နယ်နဲ့တိုင်း နပန်းအားကစားပြိုင်ပွဲ ရခိုင်ပြည်နယ်မှ တံခွန်စိုက်ဒိုင်း ၃ ခု ရရှိ

  • ခုနှစ်
  •  စံမောင်သန်း
  • နိရဉ္စရာ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စက်တင်ဘာ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော တိုင်းဒေသကြီး နှင့် ပြည်နယ်နပန်းအားကစား ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီး တံခွန်စိုက်ဒိုင်း အပါအ၀င် အမျိုးသား/အမျိုးသမီး နပန်း တံခွန်စိုက်ဒိုင်း ကိုပါ ရရှိခဲ့သည်ဟု သိရသည်။

အမျိုးသားအဆင့် ပြိုင်ပွဲတွင် ၀ိတ်တန်း ၈ ခု၌ ၇ ခုပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၅ ခုနှင့် ငွေနှစ်ဆု ရရှိပြီး၊ အမျိုးသမီးအဆင့် ပြိုင်ပွဲတွင် ၀ိတ်တန်း ၈ ခု၌ ၇ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂ ဆု၊ ငွေတံဆိပ် တစ်ခု ရရှိပြီး အမျိုးသား၊ အမျိုးသမီးနှစ်ခုစလုံးတွင် ရွှေအများဆုံးနှင့် နှစ်ခုပေါင်း ရွှေအများဆုံးဖြင့် တံခွန်စိုက်ဒိုင်းဆု ၃ ဆု လုံးကို ရရှိခဲ့ခြင်းဖြစ်သည်။

“ဒီလိုမျိုး ဒိုင်းဆု ၃ ဆုကို တစ်ပြိုင်တည်း ရတယ်ဆိုတာ မြန်မာနိုင်ငံ အားကစားလောကမှာ ရခိုင်ပြည်နယ် အနေနဲ့ တစ်ခါမှ မရှိဖူးပါဘူး။ ဒါ ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အားကစားမှာလည်း ဘယ်ပြည်နယ်ကမှ ဒီလိုမျိုး နပန်းမှာ ရရှိတာ တစ်ခါမှ မရှိဖူးသေးပါဘူး”ဟု ရခိုင်ပြည်နယ် မြောက်ဦးခရိုင် အား/ကာ မှူး ဦးမောင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အမျိုးသားပြိုင်ပွဲတွင် ဆုရရှိသူများမှာ မောင်သိန်းအောင် ၉၆ ကီလိုတန်း ရွှေ၊ မောင်မင်းမင်းထွန်း ၈၄ ကီလိုတန်း ရွှေ၊ မောင်ထွန်းအောင်ကျော် ၇၄ ကီလိုတန်း ရွှေ၊ မောင်ဇော်ဝင်းထွန်း ၆၆ ကီလိုတန်း ငွေ၊ မောင်အောင်ဌေး ၆၀ ကီလိုတန်း ရွှေ၊ မောင်ရဲလင်းအောင် ၅၅ ကီလိုတန်း ငွေ၊ မောင်အောင်နိုင် ၄၆ ကီလိုတန်းရွှေနှင့် အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများမှာ မမြ၀င်းရီ ၅၅ ကီလိုတန်းရွှေ၊ မနွယ်ကြည်ဇံ ၅၁ ကီလိုတန်းငွေ၊ မချိုချိုမြင့် ၄၆ ကီလိုတန်း ရွှေတို့ဖြစ်သည်။

ဆုရရှိသူများအနက် ရွှေတံဆိပ်ရရှိသူများကို တစ်ဦးလျှင် ဆုငွေ ၅ သိန်းကျပ်နှင့် ငွေတံဆိပ်ရရှိသူများကို တစ်ဦးလျှင် ၁ သိန်းကျပ်စီ ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာမှ ဆုများချီးမြှင့်သွားမည်ဟု သိရသည်။

အဆိုပါနပန်းပြိုင်ပွဲအတွက် ရခိုင်နယ်မှ ကျင်သန်များကို တစ်လကျော်လေ့ကျင့်ပြီး ပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ နပန်းအားကစား အဖွဲ့သည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် Golden Myanmar လေကြောင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နေ့လယ် ၁ နာရီခန့်တွင် ဆိုက်ရောက်မည်ဟု သိရသည်။

ယင်းကဲ့သို့ တံခွန်စိုက်ဒိုင်း ၃ ဆုကို ဆွတ်ခူးရရှိလာသော ရခိုင်ပြည်နယ် နပန်းအားကစားအဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်တွင် သွားရောက်ကြိုဆိုပြီး ဂုဏ်ပြုပွဲပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် နပန်းအားကစားအဖွဲ့သည် လွန်ခဲ့သည့်နှစ်ကလည်း အမျိုးသားတံခွန်စိုက် ဒိုင်းဆုကို ရရှိခဲ့သည်ဟု သိရှိရသည်။