နမ္မတူမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းပိတ်မိ စစ်ရဟတ်ယာဉ်ဖြင့်ပစ်ကူရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ရောက်ရှိလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းအား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ၂ ရက်ကြာ ဝိုင်းရံပိတ်ဆို့ထားသောကြောင့် တပ်မတော်မှ စစ်ရဟတ် ယာဉ်ဖြင့် ပစ်ကူတိုက်ခိုက်ရသည်ဟု ဒေသခံများ က ပြောသည် ။

ဒီဇင်ဘာ ၁၂ ရက် ၁၁ နာရီအချိန် တွင် တိုက်ပွဲ စတင်ကြောင်း၊ မွန်းလွဲ ၂ နာရီအချိန် စစ်ရဟတ်ယာဉ် နှစ်စီးရောက်ရှိလာကာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲမှာ နမ္မတူမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ မိုင်းတတ်ကျေးရွာ နှင့် ပန်ဝါကျေးရွာကြား ဖြစ်ပွားကြောင်း၊ တိုက်ပွဲ ကြောင့် ဒေသခံများ မိုင်းတတ်ရွာမသို့လည်းကောင်း၊ နမ္မတူ မိုင်းယင် သို့လည်းကောင်း လားရှိုးမြို့သို့ လည်းကောင်းတိမ်းရှောင်ရကြောင်း ဒေသခံများ က ပြောသည် ။

bridgedamagebyTNLA“ အစိုးရတပ် စစ်ကြောင်းက ၁၀ ရက်နေ့လောက်ကတည်း အဲ့ဒီ့ဘက်ရောက်တာ။ ပလောင်တပ်ဖွဲ့က လူခွဲပြီး ဝိုင်းပိတ်ထားတာတဲ့။ အဲဒါ ပိတ်မိနေလို့ ထိုးဖေါက်နိုင်ဖို့ တပ်မတော် က လေယာဉ်နဲ့ လာကူ ပစ်တာ ည အထိ ဘဲ သေနတ်သံထွက်တယ်လို့ ပြောတာဘဲ။ ရွာနားကို အပြိုင်ကပ်လာ ရင်တော့ အ သက်လုထွက်ပြေးရတာဘဲ ” – ဟု သိန္နီမြို့ရောက် စစ်ဘေးရှောင် ဒေါ်ခေါင်ကြာ က ပြောသည် ။

“ ပန်ဝါ ကချင်ကျေးရွာပါ။ မနေ့က ရွာသားတွေလဲ ပိတ်မိတယ်။ ပန်ဝါမှ အိမ်ခြေ သုံးဆယ်လောက် ရှိမယ်။ ဒီမနက်အထိ သူတို့ကို ထုတ်ယူဖို့ လူလွတ်နေတုန်း။ မနေ့က အယောက် သုံးဆယ်လောက် မိုင်းတတ်ကိုရောက်လာတယ်။ တချို့လဲ သိန္နီ၊ တချို့လဲ တောထဲမှာပုန်းနေတုန်း” – ဒေသခံ အကြီးအကဲ တဦးက ပြောသည် ။

ထို့အတူ တအာင်းပလောင်တပ် သတင်း နှင့် ပြန်ကြားရေး ဌာနက – ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တအာင်း တပ် နှင့် အစိုးရ တပ်တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားကြောင်း၊ နမ္မတူမြို့နယ် မိုင်းတတ်ကျေးရွာ နှင့် ပန်ဝါကျေးရွာ ကြား တိုက်ပွဲတွင် အစိုးရတပ် စစ်ရဟတ်ယာဉ်က မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်မှ စ၍ မိနစ် ၂၀ ကျော်ကြာ လာရောက်ပစ်ခတ်ကြောင်း သတင်းထုတ်ပြန်ထားသည် ။

“ မိုင်းတတ်မှာ လူ ၁၁ ယောက်ဖမ်းသွားတယ်။ ၁၀ ရောက်လွတ်လာတယ်။ အခု တယောက်ကျန်သေး တယ်။ သေလားရှင်လားမသိဘူး။ တအာင်းပလောင်တပ်က ဖမ်းသွားတာ။ ဒါ့အပြင် တရုတ်ကျောင်း ဆရာ ကိုတော့ သူပုန်ထောက်ပံ့တယ် ဆိုပြီး တပ်မတော် စစ်ကြောင်းက ဖမ်းဆီးရိုက်နှက်တယ်။ နောင် မောင်လောဝ်ဆိုင်း ဆိုတဲ့သူ ဆိုင်ကယ်စီးလာတာ တားမရပ်လို့ ဆိုပြီး လားရှိုး – နမ္မတူကြား တာ့ဆိုင်း ကျေးရွာမှာ ပစ်သတ်ခံရတယ်။ ခမရ ၅၀၂ နဲ့ ခလရ ၄၁ ပူးပေါင်း လှုပ်ရှားတာ အဲဒီမှာ ” – ဟု လူငယ် စိုင်းအောင်ခမ်း က ပြောသည် ။

အစိုးရတပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ် တပ်တို့ကြား ဖြစ်ပွားသော စစ်ရေးပဋိပက္ခကြောင့် တပ်နှစ်ခုလုံးမှ ဒေသခံများအား ဖမ်းစီးရိုက်နှက်မှုပြုလုပ်သောကြောင့် ဒေသခံများ အသက်ဘေး နှင့် ရင်ဆိုင်နေရကာ ဘ၀ လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံ အကြီးအကဲ ဦးယောန က ပြောသည် ။

အစိုးရ စစ်ကြောင်းအား ဖြတ်တောက်ရန်လည်း နမ္မတူ – မိုင်းတတ်ကြား မိုင်းဆင်တံတား အား မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ နိုဝင်ဘာလ နှောင်းပိုင်းက မီးရှို့ဖျက်ဆီးခဲ့သည် ။