သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများ မြန်မာသံရုံး၌ စုဝေးတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်မှ ထိုးစစ်ဆင် တိုက်နေမှု များရပ်တန့်ပေးဖို့ ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စုဝေးတောင်းဆိုကြသည်။

၂၀၁၇ ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီ အချိန်တွင် ချင်းမိုင်မြို့ ဆီဖုမ်းရပ်ကွက် ရှိ မြန်ကောင်စစ် ဝန်ရုံးရှေ့၌ ထိုင်းနိုင်ငံရောက် ကချင်လူများ ၅၀ ခန့်က စုဝေး ဆန္ဒဖေါ်ထုတ်ရာမှ ကချင်ပြည်နယ် နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရ တပ်မတော် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများရပ်တန့်ပေးဖို့၊ လူအခွင့်အရေးချိုးဖေါက်မှုများရပ်တန့်ပေးဖို့၊ အစိုးရတပ်မတော်မှ ကချင်လူမျိုး ခရစ်ယာန် သာသနာပြုနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ ပျောက်ဆုံးနေမှုအား စုံစမ်းဖေါ်ထုတ်ပေးဖို့ တောင်းဆိုကြသည် ။

“ အစိုးရတပ်မတော်က ကချင်လွတ်လပ်ရေးတပ်ရဲ့ လိုင်ဖေါင်စခန်း ကိုသိမ်းပိုက်ပြီးတဲ့နောက် အဲဒီအနီးအနားမှာရှိနေတဲ့ ဇိုင်းအောက်ဒုက္ခသည်စခန်းကို အမြောက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ လူ့အခွင့်အရေးတွေ ချိုးဖေါက်နေတယ်။ ရာသီဥတုအေးခဲလှတဲ့ ဒီအချိန်မှာ ကျနော်တို့ လူထု စစ်ဘေးတွေ ထပ်မံစစ်ဘေးရှောင်နေရတယ်။ မြန်မာအစိုးရစစ်တပ်ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ ကချင်လူထု အပြင်းအထန်ကန့်ကွက်တယ်” – ဟု ဦးဆောင်မှုမှာပါဝင်တဲ့ ဆရာဂျေးဂျဲ က ပြောသည် ။

တိုက်ပွဲတွေရပ်တန့်ပေးဖို့ရန် မြန်မာအစိုးရထံ ကချင်လူထုများတောင်းဆိုသည့်အပြင် တရုတ် နှင့် ရုရှား အစိုးရထံလဲ တောင်းဆိုမှုများရှိသည် ။

“ အဓိကကတော့ တရုတ်ပြည်ထဲကို ဝင်ရောက်ခိုလှုံနေတဲ့ ကျနော်တို့ စစ်ဘေးသင့်လူထုတွေကို မောင်းမထုတ်ဖို့ တရုတ်အစိုးရကို မီဒီယာကနေ တိုက်တွန်းလိုတယ်။ နောက်ပြီး မြန်မာစစ်တပ် ကနေပြီး ကချင်လွတ်လပ်ရေးတပ်ကို တိုက်ခိုက်တာတွေမရှိစေဖို့၊ ပါဝင်ပတ်သက်တဲ့သူတွေကို အရေးယူပေးဖို့ ရုရှားအစိုးရကိုလဲ တိုက်တွန်းလိုတယ်” – ဟု ဦးဆောင်လှုပ်ရှားသည့် နော်ခမ်း က ပြောသည် ။

မြန်မာအစိုးရတပ်မတော်ဟာ ၁၉၉၄ က အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် ကချင်လွတ်လပ်ရေး တပ်မတော်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမူကို ငြင်းဆန်သောကြောင့် ၂၀ဝ၉ ခုနှစ်မှစ၍ တိုက်ခိုက်မှု ပြန်လည်စတင်လာခြင်းဖြစ်သည်။ ပလောင်တအာင်းတပ် TNLA ၊ ကိုးကန့်တပ် MNDAA ၊ ရခိုင်တပ် AA ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ မှ မူစယ် ကုန်သွယ်ရေးဇုံ နှင့် ရဲစခန်းများအား ၂၀၁၆ နိုဝင်ဘာ ၂၀ ရက်နေ့က တိုက်ခိုက်မှု စတင်ခဲ့သည့်အနောက်ပိုင်း ゞင်းတို့အား အကြမ်းဖက်အဖွဲ့အဖြစ် တပ်မတော် မှ သတ်မှတ်ကာ ထိုးစစ်အပြင်းအထန်ဆင် နွဲနေသောကြောင့် ဒေသခံ သောင်းဂဏန်းနေရပ်မှ စွန့်ခွါနေရသည် ။