ငြိမ်းချမ်းရေးအတွက် လူငယ်များကိုယ်တိုင်သာ ဖန်တီးရမည်ဟု လူငယ်ကိုယ်စား လှယ်ဆို

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ ကိုယ်စား လှယ်တို့ ငြိမ်းချမ်းရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ကြရာ လူငယ်များ လိုလားသည့် ငြိမ်းချမ်းရေးအတွက် လူငယ်များ ကိုယ်တိုင်သာ လုပ်ကြရ မည်ဟု သဘောပေါက်လာကြောင်း လူငယ်ကိုယ်စားလှယ် မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

‘နားလည်သွားတာကတော့ ကိုယ်တွေလိုလားတဲ့ ငြိမ်းချမ်းရေး ကိုယ်တွေ တည်ဆောက်ချင်တဲ့ စုစည်းမှုကို လူငယ်တွေ ကိုယ်တိုင်သာ လုပ်ကြရတော့မယ် ဆိုတာပါပဲ။ ‘ ဟု မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည် ။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်ကိုယ်စားလှယ်များသည့် ဇန်နဝါရီလ ၁ ရက်နေ့က နေပြည်တော်တွင် စကားဝိုင်းပြုလုပ်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် စစ်ပွဲများရပ်တန့်ရေး တိုက်တွန်းတောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှ လူငယ်ကိုယ်စားလှယ်များအား မေတ္တာရပ်ခံခဲ့ကြောင်း၊ ပြည်ထောင်စု စိတ်ဓါတ်နှင့်ပတ်သက် ၍လည်း ၂ ဦး ၂ ဖက်ကြား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း ဆိုပါသည် ။

အစိုးရ ဖိတ်ကြားမှုကြောင့် တိုင်းရင်းသား လူငယ်ကိုယ်စားလှယ် ၁၈ ဦးမှာ အဆိုပါ ဆွေးနွေးပွဲသို့ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး ကျန်အဖွဲ့အစည်းအချို့မှာမူ ဖိတ်ကြားခံရမှု မရှိခြင်း ရှိသကဲ့သို့ ကချင် နှင့် ကရင်နီ လူငယ်အဖွဲ့အစည်းများမှာ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမပြု ခဲ့ကြသည် များ လည်းရှိသည်ဟု ဆိုပါသည် ။

‘ကျနော်တို့က သပိတ်မှောက်ပြီးမတက်တာ၊ ဗဟိုချုပ်ကိုင်မှုများလို့ ။ ကယားပြည် နယ်က လူငယ်တွေမတက်ဘူး။ ကချင်က လူငယ်တွေက ခရီးဝေးတာ အပြင် စစ်ဖြစ်နေလို့ မလာနိုင်တာ ။

‘ဒါပေမယ့် တပ်မတော်ရဲ့ ထိုးစစ်ကြောင့် မငြိမ်းချမ်း တာ ဆိုတာကိုတော့ သူတို့ဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးတာမရှိဘူး။ ‘ ဟု ဆွေးနွေးပွဲဖိတ်ကြားခံရသော်လည်း တက်ရောက်ခြင်း မရှိခဲ့သည့် ကရင်နီပြည် လူငယ်သမဂ္ဂမှ ကိုကျော်ထင်အောင်က ၄င်း၏ လူမှု ကွန်ယက်စာမျက်နှာတွင် ရေးသားထားသည် ။

မသဉ္ဇာရွှန်းလဲ့ရည်ကမူ ‘ လူငယ်တစ်ချို့က ဆရာလုပ်ချင်လို့ မပါတာတော့ မဟုတ်ဘူး။ ကိုယ်ကျိုးကြည့်လို့လည်း မဟုတ်ဘူး။ လက်ချာကြီးပဲ အရိုက်ခံနေရတော့ တစ်ကယ့် Lesson Learnt ကို ဘယ်သူ့ကိုမှ နားမထောင်တာ ပိုကောင်းပါတယ်။ ‘ ဟု မှတ်ချက်ပြုပြောဆိုသည် ။