တရုတ်နံပါတ်ပြားတပ် တန်ပိုကုန်တင်ကားများကြောင့် သျှမ်း/မြန်မာဒေသခံများနစ်နာဆုံးရှုံး

သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူစယ်မြို့ နှင့် နမ့်ခမ်းမြို့ ကြား ၌ မောင်းနှင်ပြေးဆွဲသည့် တရုတ်နံပါတ် ပြားတပ် တန်ပိုကုန်တင်ကားကြီးများ တရားမဝင် ဝင်ထွက်မှုများကြောင့် မြန်မာနိုင်ငံဘက်မှ ဒေသခံများ ထိခိုက်နစ်နာမှု အမျိုးမျိုးခံနေရသည်ဟု သတင်းရရှိသည်။

“ အခု အဲ့ တရုတ်နံပါတ်ပြားတပ်ကုန်တင်ကားကြီးတွေ စည်းမဲ့ကမ်းမဲ့ မောင်းနှင်ပြေးဆွဲနေလို့ ( မူစယ် – နမ့်ခမ်း) ပြည်ထောင်စုကားလမ်းလဲ ပျက်စီးနေပါပြီ။ နေရာတိုင်းလိုလိုပါပဲ။ ဘယ်သူမှလဲ လာရောက် ပြုပြင် ပေးတာ မရှိဘူး။ စည်းမဲ့ ကမ်းမဲ့ မောင်းနှင်ပြေးဆွဲနေတဲ့ တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီးတွေကိုလဲ သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်တာတွေ မတွေ့ရဘူး ” ဟု မူစယ်ဒေသခံ ပန်ခမ်းရွာသား စိုင်းလျှန်း ကဆို သည်။

ထို တရုတ်နံပါတ်ပြား တပ် ကုန်တင်ကားအများစုကို တရုတ်နိုင်ငံသားများက ပိုင်ဆိုင်နေကြပြီး တရုတ်နိုင်ငံထဲ၌ လည်း သက်တမ်းကုန်ဆုံးနေသော ယာဉ်အိုယာဉ်ဟောင်း စာရင်းဝင်ထားသော ယာဉ်များသာ ဖြစ်ကြကြောင်း၊ ၄င်းယာဉ်များကို အသုံးပြုပြီး မြန်မာနိုင်ငံဘက်မှ တရားမဝင် ကုန်ပစ္စည်းများကို တင်ဆောင်ပြီး ရွှေလီမြစ်တစ် လျှောက်ရှိ ကူးတို့ဆိပ်မှတဆင့် ဝင်ထွက်သွားလာနေကြသည်ကိုတွေ့နေရကြောင်း ၄င်းကပြောသည်။

shan0602

တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီးများကြောင့် (မူစယ်-နမ့်ခမ်း ) ပြည်ထောင်စုလမ်းမပေါ်ရှိ လွယ်ကြူလောက်တောင်ခြေ၌ ကားပလိပ်ပေါက်မှု ကြောင့် ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းက တောင်အတက်မှလျှောကျရာ ကားနောက်ပိုင်းရှိ (အာလာဖတ်) ကားတစ်စီးကို တိုက်မိပြီး လမ်းဘေး၌ ရှိသည့် လူနေအိမ်ခြံဝင်းထဲ သို့ ထိုးဝင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ မူစယ်-နမ့်ခမ်း ကားဆရာ ကဆိုသည် ။

“ အခု လွယ်ကြူလောက်တောင် အတက်နေရာမှာပဲ တခါဖြစ်ပြီးပြီ။ လွန်ခဲ့တဲ့ (၂၁.၄.၂၀၁၆ )ရက်တုန်းကပေါ့။ တရုတ် ကုန်တင်ကားဘရိတ်ပေါက်ပြီး ခရီးသွားလာနေတဲ့ ဒီဒေသတွင်းက သွားလာနေတဲ့ ကားငယ် ရ စီး ဆင့် တိုက်ခဲ့တယ် ” ဟု ၄င်းကပြောသည် ။

တရုတ်နိုင်ငံမှ ကုန်တင်ကားကြီးများသည် မြန်မာနိုင်ငံ မူစယ်မြို့နှင့် နမ့်ခမ်းမြို့များ ထဲတွင် လွတ်လွတ်လပ်လပ် မောင်းနှင်ပြေးဆွဲနိုင်သော်လည်း မြန်မာနိုင်ငံမှ ကုန်တင်ကားကြီးများမှာ တရုတ်နိုင်ငံထဲသို့ လွတ်လပ်စွာ သွားလာခွင့် မရရှိကြကြောင်း ဟု ဒေသခံကားသမားများက ပြောဆိုကြပါသည် ။