သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျိုင်းတောင်းလူငယ်များတွေ့ဆုံ

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျိုင်းတောင်းလူထုတွေ့ဆုံပွဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကျိုင်းတောင်းလူထုတွေ့ဆုံပွဲ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ်ခွဲ တွင် တောတောင်သဘာဝ ဝိုင်းဝန်းထိန်းသိမ်းရေးအတွက် ရပ်ရွာလူငယ်များတွေ့ဆုံပွဲတရပ် ကျင်းပခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၈ ရက်က ကျိုင်းတောင်းလူငယ်များနှင့် ရပ်ရွာအကြီးအကဲတချို့တွေ့ဆုံကာ ၂၀၁၇ ခုနှစ်အတွက် ရပ်ရွာရေးလုပ်ငန်း အစီအစဉ်များချမှတ်ရေးဆွဲခြင်းနှင့် ပြီးခဲ့သည့်နှစ်က လုပ်ဆောင်ခဲ့သော ရပ်ရွာရေးလုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်းပြု လုပ်ခဲ့ကြပြီး ပျက်စီးဆုံးရှုံးလုနီးပါးဖြစ်နေသော ကျိုင်းတောင်းမြို့၏ သဘာဝ သစ်တောနှင့် သယံဇာတများကိုဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးခဲ့ကြကြောင်းဆွေးနွေးရေးတွင်ပါဝင်ခဲ့သည့် လူငယ် စိုင်းလျန်း ကပြောသည် ။

“ ကျိုင်းတောင်းမြို့ဟာ ရေမြေ သဘာဝပတ်ဝန်းကျင် အထူးလှပမြို့တမြို့ထဲမှာပါဝင်ပါတယ်။ သစ်တောသစ်ပင်ထူထပ်တယ်။ ဒါပေမယ့်အခုနောက်ပိုင်း ကုမ္မဏီတွေ၊ လူအစုအဖွဲ့တွေက ကျိုင်းတောင်းကိုဝင်လာပြီးသစ်ပင်သစ်တော တွေခုတ်ကြတယ်။ မြို့တဝိုက်က တောတွေတော့ ပြောင်လုနီးပါးဖြစ်နေပြီ။ ဒါကြောင့် သစ်ပင်သစ်တော ဝိုင်းဝန်းထိန်းသိမ်းကြဖို့လိုအပ်နေပြီ။ မဟုတ်ရင် တကယ်ဘဲတောပြောင်ကုန်တော့မှာ ” – ဟု ကွန်မုန့်ရွာမှလူငယ်ခေါင်းဆောင် လည်းဖြစ်သည့် စိုင်းလျန်းကပြောသည် ။

လူငယ်တွေ့ဆုံမှုကို ကျိုင်းတောင်းမြို့ ကွန်မုန့်ရွာ ရပ်ကွက် ၁ ကျောင်းတွင်ကျင်းပပြုလုပ်ရာ လူငယ် ၂၀ဝ ခန့်တက်ရောက်ဆွေးနွေး ခဲ့ကြောင်းသိရသည် ။

တွေ့ဆုံမှုမှာ ပထမအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ရည်ရွယ်ချက်မှာ ဒေသတွင်းလူငယ်များ ရင်းနှီး နီးစပ်မှုရှိစေရန်၊ ရပ်ရေးရွာရေးနှင့် လူမှုရေးလှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများတွင် လက်တွဲဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်းလည်း ဦးဆောင်ဦး ရွက်ပြုသည့်လူငယ်တဦးဖြစ်သည့် စိုင်းဇင့်က ဆက်လက်ပြောပြသည် ။

“ သျှမ်းပြည်တောင်ပိုင်းမှာဆိုရင် ကျိုင်းတောင်းမြို့ဟာ သစ်တောအထူထပ်ဆုံးမြို့။ ကျွန်းသစ် လည်းအများဆုံးထွက်တဲ့ဒေသပေါ့။ အခုတော့ သိပ်မကျန်တော့ဘူး။ အခုလို သဘာဝပတ်ဝန်းကျင် လာပြီးဖျက်ဆီးနေကြတဲ့ကိစ္စ အစိုးရအာဏာပိုင်တွေ နဲ့ ဘယ်လိုလက်တွဲ တားဆီးနိုင်မလဲ စတာတွေ ဆွေးနွေးခဲ့တယ်။ ” ဟုလည်း ဆက်ပြောသည် ။

ယမန်နှစ်ကမူ ကျိုင်းတောင်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဒေသတွင်းလူငယ်များ နှင့်ရပ် မိရပ်ဖများစုပေါင်းကာ ကျိုင်းတောင်းမြို့အဝင်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးမှုလှုပ်ရှားမှု တကြိမ်ရှိ ခဲ့ဖူးသည်။ ထိုစဉ်က ရပ်မိရပ်ဖများအပါအဝင် ရပ်ရွာအုပ်ချုပ်ရေးမှူးများလည်း ပူးပေါင်းပါဝင်ခဲ့ သည်ဟု ဆိုသည်။ စိုက်ပျိုးခဲ့သော သစ်ပင်အမျိုးအစားမှာ ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ ကုက္ကို၊ ယူကလစ် အစရှိနှစ်ရှည်ပင်များဖြစ်ကြောင်း သိရပါသည် ။

ကျိုင်းတောင်းမြို့နယ်ခွဲသည် သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင်အတွင်းပါဝင်ပြီး ကျိုင်းတောင်း ရေတံခွန်အမည်ရ တတ်ဇုန်အန် ရေတံခွန်မှ လျှပ်စစ်မီးများထုတ်ယူကာ နေပြည်တော်သို့ပေးပို့ သော်လည်း သျှမ်းပြည်တွင်း ကျေးလက်အများအပြားလျှပ်စစ်မီး မသုံးစွဲနိုင်သေးပေ ။