တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူ မူစယ်ဒေသခံ ၄၅ ဦး ထောက်ပံ့ငွေရရှိ

နိုင်ငံတော် ဒုတိယ သမ္မတ – ၂ ဦးဟန်နရီ ဗင်ထီးယူ လမ်းညွှန်ချက်အရ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် သေကြေ ဒဏ်ရာရရှိ သည်ဟုဆိုသည့် မူစယ်ဒေသခံ ပြည်သူ ၄၅ ဦးအား မူစယ်ခရိုင်မှူးမှ ထောက်ပံ့ငွေများ ပေးကမ်းထောက်ပံ့သည်ဟုသိရသည် ။

ဇန်နဝါရီလ ၁၀ ရက် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ မူစယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အခမ်းအနားဖြင့် ပေးအပ်ထောက်ပံ့ ခဲ့ခြင်းဖြစ်သည် ။

၁၀၅ မိုင် ကုန်သွယ်ရေးဇုံအပြင် မူစယ်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ခိုက်မှုများကြောင့် သေကြေ ဒဏ်ရာရှိသူ ၉၄ ဦး ရှိကြောင်း၊ ထိုအထဲမှ ၄၅ ဦးမှာ ဒေသခံ လူထုဖြစ်ကြောင်း၊ ၄၅ ဦးတွင် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၄ ဦးအတွက် ထောက်ပံ့သည်ဟုဆိုသည် ။

“ သေဆုံးသူအတွက် တယောက်ကို ကျပ် ၇ သိန်း၊ ဒဏ်ရာရရှိသူ ၃၄ ဦးကို တယောက် ၄ သိန်း ၈ သောင်း ၅ ထောင် ကျပ် ပေးအပ်တယ်။ ထောက်ပံ့ငွေတွေက နိုင်ငံတော်အစိုးရ ကနေဘဲ ထောက်ပံ့ လာ တာမဟုတ်ဘူး၊ လွှတ်တော်နေ့စဉ်အသုံးစရိတ်ငွေတွေ လဲပါတယ် ” – ဟု အမျိုးသားလွှတ် တော် အမတ် ဦးညီစိန်က အခမ်းအနား၌ ပြောကြားသည် ။

အခမ်းအနားသို့ ခရိုင်မှူး ဦးကျော်ကျော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်၊ ဦးစိုင်းဖုန်းမြတ်၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုမှ တာဝန်ရှိသူများ ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက် သည်ဟုဆိုသည် ။

ဒီဇင်ဘာ ၁၁ ရက် ၂၀၁၆ ခု က နိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗင်ထီးယူ က မူစယ်မြို့သို့ ရောက်ရှိလာစဉ် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် စစ်ဘေးကြောင့် ထိခိုက် ဒဏ်ရာရှိသူများနှင့်တွေ့ဆုံခွင့်မရကြောင်း၊ ゞင်းတို့အတွက် အစိုးရမှ ထောက်ပံ့မှုများပေးမည်ဟု ပြောကြား ထားကြောင်း၊ ထိုစဉ်မူစယ်မြို့နယ်အတွင်း စစ်ဘေးသင့်သူ ၃၇၁၀ ဦးရှိကြောင်း ကြားသိရသည် ။

လက်ရှိတွင် မူစယ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု လျှော့နည်းလာသော်လည်း မူစယ်ခရိုင် ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်များ အတွင်း စစ်ရေးတင်းမာ နေဆဲ ဖြစ်သည် ။