NCA စာချုပ်လက်မှတ်ထိုး RCSS/SSA တပ်စခန်းအားအစိုးရတပ် ထပ်မံတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခုအားအစိုးရတပ်မတော် မှ သွားရောက် တိုက်ခိုက်သောကြောင့် ယမန်နေ့ကတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟုသိရသည်။

၂၀၁၇ မတ် ၇ ရက် မွန်းလွဲ ၂ နာရီခန့် မှ စ၍ ညနေပိုင်းအထိသီပေါမြို့ မြောက်ဘက် ၇ မိုင်အကွာခန့် ရှိ RCSS/SSA ၏အုံမုကျေးရွာအုပ်စု လွယ်မုံစုတပ်စခန်းအားသီပေါမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၅၀၄ လက်အောက်ခံစစ်ကြောင်းက သွားရောက် တိုက်ခိုက် ခြင်းဖြစ်သည်ဟု ဒေသအတွင်း တပ်မှူးတဦး ၏ ပြောပြချက်အရသိရသည်။

“အမှတ် ၅၀၄ ဆိုတာဒေသအတွင်းတပ်ဘဲ။ ကျနော်တို့ အဲဒီမှာနေတယ် ဆိုတာသူတို့ သိတယ်။ထန်ဇန့် ပန်ခါး က လက်နက်ကြီးတွေနဲ့ အရင်ထုတယ်။ မွန်းလွဲ ၂ နာရီလောက်က။ ၅ နာရီလောက်ကနေ ၆ နာရီထိုးခါနီးအထိ အင်နဲ့ အားနဲ့ထပ်လာတိုက်တယ်။ တက်လာတဲ့ စစ်သည်တွေဒဏ်ရာတွေတော်တော် ရ လို့ ပြန်ဆုတ်သွားတယ်ပြောတယ်။ ခုထက်ထိတော့ ပြန်ပြီးထပ်ပြီးတက်မလာတော့ဘူး၊ ငြိမ်သွားပြီ။ ဒီညဦးပိုင်းတော့” – ဟုအမည်မဖေါ် လိုသည့် အရာရှိတဦးကပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် RCSS/SSA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလှ က ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။

တိုက်ပွဲကြောင့် နှစ်ဘက် အကျအဆုံးရှိသည်ဟုဆိုသော်လည်း သီးခြားအတည်ပြုချက်မရရှိသေးပေ။

RCSS/SSA သည် မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးတပ် ၈ ဖွဲ့ တွင်ပါဝင်သည်။

အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးသည့်နောက်ပိုင်း လွိုင်လင်၊ မိုင်းကိုင် မြို့နယ်အတွင်းရှိ RCSS/SSA တပ်စခန်းအားအစိုးရတပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး၊ နယ်မြေစိုးမိုးရေးစီမံချက်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။