တစ်နှစ်နီးပါးဖမ်းဆီးခံထားရသည့် SSPP/SSA တပ်ဖွဲ့ဝင်များ မူစယ်မြို့၌ ရုံးထုတ်စစ်ဆေး

အစိုးရတပ်မတော်မှ တစ်နှစ်နီးပါးဖမ်းဆီးထိန်းသိမ်းထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်ဖွဲ့ဝင်များအား ယမန်နေ့က မူဆယ်မြို့တရားရုံး၌ ရုံးထုတ် စစ်ဆေး မည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရစဉ်ကတည်းက နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ထံ တင်ပြတောင်းဆို သော်လည်းတုံ့ပြန်မှု မရှိသည့်အပြင် တရားရုံးတော်ကလည်း တစုံတရာ စီရင်ဆုံးဖြတ်ချက် မချ ဘဲ မူစယ်အချုပ်ခန်းတွင် တနှစ်နီးပါး ချုပ်နှောင်ထားသည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် ကပြောသည်။

“ဥပဒေကြောင်းအရဆိုရင် ကျနော်တို့ SSPP/SSA အနေနဲ့ ၁၉၈၉ အပစ်စရပ်စဉ်ကတည်းက ၁၇ (၁) ဆိုတာမရှိတော့ဘူး ၊ တပ်မတော်ကနေ ၁၇ (၁) နဲ့ ခြိမ်းခြောက်ပြီး တရားစွဲတဲ့ကိစ္စ၊ တပ်မတော်ဘက်က စွပ်စွဲတဲ့ကိစ္စတွေ က မူဆယ်မြို့နယ် တရားသူကြီးဦးသောင်းစိုး ကတော့ တရားမဝင်ဘူးလို့ တော့ပြော တယ်။ ဒီနေ့ကျနော်တို့လူတွေကို ရုံးထုတ်စစ်မယ်” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် ကပြောသည်။

သျှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ကေဒါတပ်သား ၂၁ ဦးအား အစိုးရ တပ်မတော် မှ ၂၀၁၆ ခု ဧပြီလနှောင်းပိုင်းက မူစယ်မြို့နယ်အတွင်း ဖမ်းဆီးကာ မူစယ်ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ထားသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည့်အပြင် စစ်တပ်အသွင်ပြောင်း ဦးသိန်းစိန်အစိုးရ နှင့်လည်း ၂၀၁၂ ခု နှစ်ဆန်းဆန်းပိုင်းက တောင်ကြီးမြို့၌ ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်မတော် တခုဖြစ်သည်။