SSPP/SSA နှင့် TNLA တို့ မဟာမိတ်တပ်ဖွဲ့ ကြားပြဿနာမဖြေရှင်းနိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းတွင် လှုပ်ရှားသွားလာသည့် တအာင်း(ပလောင်) တပ်မ တော် TNLA သည် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်ပတ်သက်သည်ဟုယူဆကာ ကျေးလက် ဒေသခံ တဦးအား သတ်ဖြတ်ခြင်း၊ လူထု ၉၀ ကျော်အား ဖမ်းဆီးခေါ် ဆောင်သွားခြင်းစသည့် ဖြစ်စဉ် များကြောင့် မဟာမိတ်တပ်ဖွဲ့နှစ်ခုအကြား တင်းမာနေသည့်ဆက်ဆံရေး ပြန်လည်ချောမွေ့ စေရန် ထိပ်ပိုင်းခေါင်းဆောင်များ ဖြေရှင်းနေရကြောင်းသိရှိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA တို့ သည် ကျောက်မဲမြို့နယ်အတွင်းနှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားသည့်နောက်ပိုင်း ပြဿနာအား ဝိုင်းဝန်း ဖြေရှင်းရန်၊ လူထုအား ဖမ်းဆီးသတ်ဖြတ်မှုမပြုရန် ပန်ဆန်းမြို့သဘောတူညီမှုဖြင့် ကေဒါ တပ်သား များထံ ညွှန်ကြားသည့် စာတစောင်ပေးပို့ခဲ့သော်လည်း ပြဿနာများ မပြေလည်သေးကြောင်း ဒေသအတွင်းသတင်းရပ်ကွက်မှ ကြားသိရသည်။

“တအာင်း(ပလောင်) တပ်ကနေ ကျေးလက်လူတဦးကို ဖမ်းပြီး ခြေတွေ၊ လက်တွေကို တမင်သက်သက် ပစ်ခတ်တယ်။ သွေးထွက်လွန်ပြီး မတ် ၁၁ ရက်နေ့က သေဆုံးသွားတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျေးလက်လူထု ၉၀ ကျော်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ မတ် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက၊ ကျန်တဲ့ နှစ်ဦးကတော့ RCSS/SSA ရဲ့ လူဖြစ်တယ်လို့စွပ်စွဲပြီးပြန် မလွတ်ပေးသေးဘူးတဲ့” – ဟု ကျေးလက် ဒေသခံ ရပ်မိ ရပ်ဖ ဦးလုံးတိ က ပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ သေဆုံးသွားသူသည် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမာခံလူဖြစ်ကြောင်း၊ ထိုမတိုင်မှီက SSPP/SSA ကတအာင်း(ပလောင်) တပ်၏ မြို့နယ်အဆင့် သတင်းပေးတဦးအား ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် ပြန်လည်ကလဲ့စား ချေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီကိစ္စက ကျနော်တို့ နှစ်ဘက်တပ်ရဲ့ ဗဟိုကော်မတီ ဝင် ခေါင်းဆောင်တွေ က ဆွေးနွေးနေတယ်။ ကျနော်တို့ဘက်ကတော့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘဲ ဖြေရှင်းသွားတယ်။ ပြဿနာ မကြီးထွားလိုဘူး” – ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဆု ကပြောသည်။

တအာင်း(ပလောင်)တပ် TNLA ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင်မူ ဒေသတည်ငြိမ်ရေးနှင့် လွတ်လပ်စွာ သွားလာရောင်း ဝယ်နိုင်ရေး၊ ဒေသလုံခြုံရေးအတွက် တအာင်းတပ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးရန် ဒေခံ ၉၀ ကျော်အား ဖိတ်ခေါ်ဆွေးနွေးပြီး ၄င်းတို့နေထိုင်ရာသို့ ပြန်လည်ပို့ဆောင် ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တအာင်းတပ် TNLA နှင့် SSPP/SSA တို့သည် နီးစပ်သည့်မဟာမိတ်များဖြစ်ကြသည်။ ဖေဖေါ်ဝါရီ ၅ ရက်နေ့ က SSPP/SSA ၏ လှုပ်ရှားစစ်ကြောင်းအား TNLA မှ ခြုံခိုတိုက်ခိုက်သောကြောင့် နှစ်ဘက် စစ်ရေးတင်းမာလာခြင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားပြီး ပြဿနာများဖြေရှင်းရေးအတွက် ဖေဖေါ်ဝါရီ ၂၈ နေ့တွင် ပန်ဆန်းမြို့၌ တွေ့ဆုံဆွေးနွေးကာ ပြဿနာများလက်တွဲဖြေရှင်းရေး အတွက် နှစ်ဘက် ကေဒါတပ်သားများထံ ညွှန်ကြားစာတစောင်ပေးပို့ခဲ့သည်။

ထိုညွှန်ကြားစာတွင် နှစ်ဘက်တပ်မှူး တပ်သားများအနေဖြင့် မဟာမိတ်နှစ်ဖွဲ့တို့၏ ညီညွှတ်ရေးအား ထိခိုက်ပျက်ပြားစေသည့် ပြောဆိုရေးသားခြင်းမပြုရန်၊ ဖြစ်ပွားသည့် ပြဿနာများ ဆိုင်ရာ ဌာနချုပ်သို့ တင်ပြ ဖြေရှင်းရန်၊ မဟာမိတ်တပ်နှစ်ခုအား ထိခိုက်စေသည့် လှုံ့ဆော်ရေးသားခြင်း ပြောဆိုခြင်းများ မပြုလုပ်ရန်၊ နှစ်ဘက်အဖွဲ့အစည်း လှုပ်ရှားရာဒေသအတွင်းနေ ဒေသခံမိဘပြည်သူများအား ဖမ်း ဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန်၊ အကယ်၍ယုံမှား သံသယ ဖြစ်ဖွယ် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုရင်ရာအဖွဲ့အစည်းသို့ အကြောင်းကြားအပ်နှံသွားရန် စသည်တို့ ပါရှိသည်။