ကြားဖြတ်ရွေးကောက်ပွဲနှင့်တိုက်နေသဖြင့် CSSU ၏ နှစ်ပတ်လည်အစည်းအဝေးရွှေ့ဆိုင်း

ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေချိန်နှင့်တိုက်ဆိုင်နေသဖြင့် နှစ်စဉ်မတ်လတွင် ကျင်းပမြဲ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးအား ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

လက်ရှိ ဥက္ကဌ နှင့် အတွင်းရေးမှူးကြီး တာဝန်ယူထားသော သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC မှ မတ်လ ၁၂ ရက်နေ့ပါရက်စွဲဖြင့် ဥက္ကဌ ၊ အတွင်းရေးမှူးများအဖွဲ့ နှင့် အဖွဲ့ဝင်များအား အကြောင်းကြားစာတစောင်ပေးပို့ရာ လုပ်ငန်းဆောင်တာများတိုက်ဆိုင်မှုနှင့် ကိစ္စအကြောင်းကြောင်း ကြောင့် နှစ်ပတ်လည်အစည်းအဝေးကျင်းပရန် မဖြစ်နိုင်သေးသဖြင့် ခေတ္တ ဆိုင်းထားမည်ဖြစ်ပြီး အစည်းအဝေး ပြန်လည်လုပ်ဆောင်မည့်နေ့ရက် နှင့် နေရာတို့ကို အသေးစိပ်ပြန်လည် အကြောင်းကကြား မည်ဖြစ်ကြောင်း ပါရှိသည်။

CSSU တွင်ပါဝင်လှုပ်ရှားဆောင်ရွက်သည့် Shan CBOs မှ ပြောခွင့်ရှိသူ ယိင်းဟန်ဖှက – “အခု CSSU ရဲ့ ဦးဆောင်မှုအပိုင်းမှာနေရာ ယူထားတဲ့ ဥက္ကဌက SSJAC ဖြစ်နေတယ်လေ။ အဲ့ထဲမှာဆိုရင် ကျားခေါင်း ပါတီ SNLD ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စိန်ကျောက်ပြည်သူ့စစ်အဖွဲ့ ပါဝင်နေတယ်။

လက်ရှိ ဥက္ကဌ နေရာယူထားတာက SNLD ရဲ့ဥက္ကဌဖြစ်နေတယ်။ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေး ကောက်ပွဲ မှာ လည်း SNLD က ဝင်ရောက်ယှဉ်ပြိုင်မှာမို့ အဲဒီအတွက်ပြင်ဆင်ရမှာမို့လို့ CSSU နှစ်ပတ်လည် အစည်းအဝေးကတော့ ကြားဖြတ်ရွေးကောက်ပွဲပြီးမှဘဲ ကျင်းပနိုင်တော့မယ် ထင်ပါ တယ်။ ကျမတို့ CSSU အဖွဲ့ဝင်တွေ အနေ နဲ့လည်း သဘောတူလက်ခံပါတယ်။ ညီညွတ်ရေးအတွက် အမြဲတမ်း အလေးထား ဦးစားပေးပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အား သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊သျှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် တို့အပြင် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ နှင့် ပြည်တွင်းပြည်ပ သျှမ်းလူမှုအခြေပြုအသင်း အဖွဲ့များ Shan CBOs / CSOs များစုပေါင်းကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်က ဖွဲ့စည်းထားပါသည်။ လက်ရှိတွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့က ESSDDP ပါတီလည်း ပါဝင် နေသဖြင့် အဖွဲ့ဝင် ၁၀ ဖွဲ့ရှိနေကြောင်းသိရသည်။

အဖွဲ့၏အဓိက ရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်းနေတိုင်းရင်းသားများ၏ ရပိုင်ခွင့်များကိုကာကွယ် ပေးရန်ဖြစ်သည်။ ရည်မှန်းချက်နှင့်လုပ်ငန်းစဉ် ၂ ရပ်မှာ သျှမ်းပြည်တွင်း တိုင်းရင်းသားများ စုပေါင်းကာ သျှမ်းပြည်ကံကြမ္မာကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အနာဂတ်နိုင်ငံရေး အတွက်ဆွေးနွေးမည့် နိုင်ငံရေး မူဘောင်ကို စုပေါင်းပြင်ဆင်ရန် စသည်တို့ဖြစ်သည်။