ဒေသအတွင်းဖွံ့ဖြိုးမှုနောက်ကျရသည်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA ကြောင့်ဟု အရှေ့အလယ်ပိုင်းတိုင်းမှူးပြော

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်အား ဖိတ်ခေါ်တွေ့ဆုံစဉ် သျှမ်းပြည်အလယ်ပိုင်း ကျေးသီး – မိုင်းနောင် အတွင်း ဒေသဖွံ့ဖြိုးမှု နောက်ကျရသည်မှာ သျှမ်းလက်နက်ကိုင်တပ်များဖြစ်ကြသည့် သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ကြောင့် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

မတ် ၁၃ ရက်နေ့တွေ့ဆုံစဉ် ရလခ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က သျှမ်းပြည်တပ်မတော် SSPP/SSA သည် အမြင်သဘောထားကျဉ်းမြောင်းကြောင်း၊ ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်အတိုင်း လုပ်ဆောင်ခြင်းမရှိဘဲ နယ်မြေတိုးချဲ့တပ်စခန်းချခြင်း၊ တပ်မတော် မူ ၆ ရပ်အတိုင်း လုပ်ဆောင်ရန်ပျက်ကွက်ခြင်း၊ ဘိန်းခင်းဖျက်သည့် တပ်မတော်စစ် ကြောင်းများအားခြုံခို တိုက်ခိုက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း – ကျူးလွန်သည့်ကိစ္စများအား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ် ကြောင်း ပြောကြားသည်ဟုဆိုသည်။

သျှမ်းပြည်တွင် သျှမ်းလူမျိုး သိပ်မရှိတော့ဘဲ အခြား လူမျိုးများ အများအပြားလာရောက်နေထိုင် သောကြောင့် သျှမ်းပြည်ဟုပင် မခေါ်ဆိုသင့်တော့ကြောင်း၊ ယခင်က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ ပုံပါကျင်ဘက်တွင် သျှမ်းလူမျိုးအများအပြားရှိကြောင်း၊ ယခုတွင် တရုတ်စာများသာတွေ့မြင် နေရ ကြောင်း၊ သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင် – ကျေးသီး ဖွံ့ဖြိုးမှု နောက်ကျရသည်မှာလည်း သျှမ်းလက် ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် RCSS/SSA နှင့် SSPP/SSA တို့ကြောင့် ဖြစ်ကြောင်း တိုင်းမှူးက ပြောကြား သည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အရာရှိတဦးက “ တိုင်းမှူးကြီးပြော ဆို ဆက်ဆံပုံက သံတမန် မဆန်ဘူး။ တဘက်သားကို ပြစ်တင်ပြောဆိုတယ်၊ နှိမ်ပြီး ဆက်ဆံတယ်။ တိုင်းမှူးကြီးက ကျနော်တို့ကို -ဘိန်းခင်း တိုက်ဖျက်တဲ့ တပ်မတော် စစ်ကြောင်းကို တိုက်ခိုက်တယ်၊ သူတို့လူတွေကို ဖမ်းဆီး ရိုက်တယ် – ဆိုပြီး လုံးဝမကျေနပ်ဘူးတဲ့။ အဲဒီ့ကိစ္စကို ကျနော်တို့ တာဝန် ယူရမယ်တဲ့။ အမှန်တော့ ဘိန်းခင်း အကြောင်းပြပြီးကျနော်တို့တပ်ကို သာ သူတို့လာတိုက်တာ။ အမှန်တော့ကျနော်တို့စစ်ကြောင်း လှုပ်ရှားမှုကို လူလွှတ်စုံစမ်း လာလို့ သူတို့လူအဖမ်းခံရတာလေ” – ဟု ပြောသည်။

နှစ်ဘက်တွေ့ဆုံမှုတွင် ရလခ တိုင်းမှူး နှင့်အတူ ဗိုလ်မှူးကြီး ဆန်းညွှန့်ဇော်၊ ဂျီဝမ်း ဗိုလ်မှူး ထင်လင်း ကျော် တို့ ပါဝင်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်တွင်မူ ဒုတိယ ဗိုလ်မှူးကြီး ခေးမောဝ်း က ဦးဆောင် သည်ဟု သိရသည်။