NLD ဦးဆောင်သည့် လွှတ်တော်မှ ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် သတ်မှတ်မှုအပေါ် မွန်ဒေသခံများ ဆန္ဒပြမည်

NLD ပါတီမှကိုယ်စားလှယ်အများစုပါဝင်သည့် ပြည်သူ့လွှတ်တော်တွင် မွန်ပြည်နယ် ချောင်းဆုံတံတား အမည်အား ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် သတ်မှတ်ရန် အတည်ပြုခဲ့မှုအပေါ် မွန်ဒေသခံများ လူထုဆန္ဒပြပွဲတစ်ရပ်ကျင်းပရန် စီစဉ်နေကြောင်းသိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အကြား ဆက်သွယ်သည့် တံတားကို ဗိုလ်ချုပ်အမည်မပေးပဲ ဒေသခံနှင့် မွန်လူမျိုးများကို ကိုယ်စားပြုနိုင်မည့် အမည် သတ်မှတ်ပေးရန် ရဟန်းသံဃာတော်များအပါဝင် ဒေသခံများမှ ကန့်ကွက်မှုများ ရှိနေစဉ် NLD လွှတ်တော်မှ ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။

‘ ကျနော်တို့ သံဖြူဇရပ်ကတင် အနည်းဆုံးကား ၁၅ စီးလောက်နဲ့ လူတွေ လာရောက်ပြီး ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။ ‘ သံဖြူဇရပ်ဒေသခံ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမင်းလတ်က ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။

မော်လမြိုင်တွင် လာမည့် မတ်လ ၁၉ ရက်နေ့၌ ကျင်းပရန် ရည်ရွယ်ထားသော ဆန္ဒပြပွဲအား လူထုဆန္ဒပြပွဲအသွင်ပြုလုပ်ရန် စီစဉ်နေပြီး ရန်ကုန်ရောက် တိုင်းရင်းသားလူငယ်ကွန်ယက်များမှလည်း သွားရောက်ပူးပေါင်း ဆန္ဒပြရန် ရှိနေသည်ဟု တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သည့် စိုင်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဒေသခံများ ကန့်ကွက်နေသည့် အကြားမှ NLD အများစုဖြစ်သည့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့မှုအပေါ် လူမျိုးကြီးဝါဒ ကျင့်သုံးမှုနှင့် ဒီမိုကရေစီ အရ လူနည်းစုအပေါ် အနိုင်ကျင့်မှုအဖြစ် ဝေဖန်မှုများလည်းရှိနေသည်။

‘ ဘဝ မှာ လွှတ်တော်ထဲဝင်ပြီး ဒါမျိုးတွေကြုံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဖူးဘူး။ တော်တော်ဆိုးရွားတဲ့ နေ့တစ်နေ့ပဲ။ လူနည်းစုတွေကို အနိုင်ကျင့်တဲ့ သဘောဆောင်တယ်။ ဒီလိုနည်းနဲ့တော့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေးလုပ်ဖို့ခက်လိမ့်မယ်။ ‘ ဟု မတ်လ ၁၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်လွှတ်တော်အမတ် ဦးဦးလှစောက ပြောသည်။

NLD အစိုးရ လက်ထက်တွင် တိုင်းရင်းသားနယ်မြေများ၌ ဗိုလ်ချုပ်ကြေးရုပ်များ လိုက်လံစိုက်ထူမှုများလည်း ရှိနေပြီး ဗိုလ်ချုပ်ကြေးရုပ်များ စိုက်ထူနေသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံကတိကဝတ်များ အကောင်ထည်ဖော်ပေးမည်ဟု ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မပြောဆိုပဲ တိုင်းရင်းသား လက်နက် ကိုင်များကို ဖိအားပေး လက်မှတ်ထိုးခိုင်းနေသည့် ကိစ္စရပ်များအပေါ် ဝေဖန်မှုများ လည်း ရှိနေပါသည်။ တချိန်တည်းတွင် ယင်းဗိုလ်ချုပ်ရုပ်တုနှင့် ဗိုလ်ချုပ်အမည်နာမ သုံးခေါ်ဆိုနေမှုများမှာ တိုင်းရင်းသားများအား ဗမာမှု ပြုရန် နိုင်ငံရေးအရ ရည်ရွယ် ခြင်းဟု ကောက်ယူမှုများလည်း ရှိနေသည်။

“မဆလ နဝတ နအဖ ဘယ်အစိုးရကိုမှ တိုင်းရင်းသားပြည်သူအားလုံးက မယုံကြည် ခဲ့ဖူးဘူး။ အခုက ဘုရားမှတ်လို့ ကိုးကွယ်မိပါတယ် ဆိုတဲ့ စကားလို ဖြစ်နေပြီ။ ပြည်သူတွေလိုနေတဲ့ ဒီမိုကရေစီဆိုတာ ဗမာများကောင်းစားရေး မဟုတ်ပါဘူး။ ဖက်ဒရယ် ပြည်ထောင်စုကိုပဲ ငါတို့က အများစုပဲ ဆိုပြီး လုပ်သမျှ ဖြစ်မယ်ထင် လို့ကတော့ ။ အကောက်အယူမမှားကြနဲ့ နေဝင်းအာဏာသိမ်းတော့လည်း ထောက်ခံကြတာပဲ ( ဗကသ ကျောင်းသားသမဂ္ဂကပဲ ကန့်ကွက်တာ ) နိုင်ငံရေးဆိုတာ ကြွတေစ်လှည့် ကြက်တစ်ခုန်ပဲ ။ ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ယနေ့ခေတ်နိုင်ငံရေးမဂ္ဂဇင်း တာဝန်ခံ ဦးသက်ဇင်က ဝေဖန်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကမူ ‘ ချောင်းဆုံ တံတားကိစ္စက ဒေသတွင်းကိစ္စဖြစ်တယ်။ ဒေသခံ လူထုက ကန့်ကွက်တယ်ဆိုရင် မလုပ်နဲ့ ပြီးပြီပေါ့။ ဒါကို ပြည်ထောင်စု အရေးအရာတွေ ဆုံးဖြတ်ရမဲ့ ပြည်သူ့လွှတ်တော်မှာ ဒီလိုကိစ္စတွေ လာလုပ်နေတာက တခြားအလုပ်လုပ်စရာ မရှိဘူးလားဆိုပြီး မေးစရာဖြစ်လာတယ်။ အခု အစိုးရ လက်ထက်မှာ အကုန်လုံးက မျှော်လင့်သလို ဖြစ်မလာတဲ့အပြင် နိုင်ငံရေး ငြိမ်းချမ်းရေးအရ ဆုတ်ယုတ် မရေရာမှုတွေများနေချိန်မှာ အခုလို အငြင်းပွားဖွယ် ကိစ္စတွေကို ဆောင်ရွက်နေတာဟာ မကောင်းပါဘူး။ ‘ ဟု မှတ်ချက်ပြုသည်။

“မဆလ ၊ ဖဆပလ ပါလီမန် အစိုးရများအပါဝင် ဗမာပြည်ကွန်မြူနစ်ပါတီကဲ့သို့ ပါတီကလည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ပြ၍ လိုသလို အသုံးပြုမှုများ ( ဦးနေဝင်းဆိုရင် အာဏာသိမ်းတာကို ဗိုလ်ချုပ်ထောက်ခံသယောင် ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား လုပ်ခဲ့ ၊ ဗကပ ဆိုရင် သာမန်အချိန် ဗိုလ်ချုပ်အား ပါတီ သစ္စာဖောက်အဖြစ် သတ်မှတ်သော်လည်း တပ်ဖွဲ့အတွင်း ညီညွတ်ရေး လိုအပ်လာပါက လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ဗကပ တည်ထောင်သူ စသဖြင့် လုပ်ခဲ့သလို အောင်ဆန်းဘောလုံးကွင်း ၊ ဗိုလ်ချုပ်အောင်ဆန်းဈေးတို့မှာလည်း ပါလီမန် ၊ မဆလ အစိုးရ လက်ထက်တို့တွင် သတ်မှတ်ခဲ့ ) ရှိခဲ့သည် ” ဟု လေ့လာသူများက ဆိုကြသည်။

“လုပ်ရမှာက ဘားအံမှာ မန်းဘခိုင်နာမည်နဲ့ နိုင်ငံရေးသိပ္ပံကျောင်း ၊ သခင်မြနာမည်နဲ့ စိုက်ပျိုးရေး တက္ကသိုလ် ၊ မွန်သမိုင်းဆရာ နိုင်ပန်းလှနာမည်နဲ့မော်လမြိုင်မှာ တက္ကသိုလ်ဖွင့် ၊ ဗိုလ်ချုပ်နာမည်နဲ့ လူငယ်စင်တာ စာကြည့်တိုက်တွေဖွင့် အဲလိုပဲ တခြား တိုင်းရင်းသား သူရဲကောင်းတွေ ပညာတတ်တွေ နာမည်နဲ့ ကျောင်းတွေ ဖွင့်ရမှာ။ အခုက တံတားနာမည်ကို အလိုလိုက်ခံထားရတဲ့ ကလေးလိုစိတ်နဲ့ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရ အဆင့်မှာ မရတော့ ပြည်ထောင်စုအဆင့်ကနေ တက် အနိုင်ကျင့်ပြီးရအောင်သတ်မှတ် အဲတံတားမှာ မကျေနပ်တဲ့လူတွေ အများကြီးပေါ်လာတယ်။ နာမည် လုပေးဖို့ထက် စိတ်ဓါတ်ကို အတုယူချင်အောင် တန်ဖိုးရှိတဲ့ နေရာမှာ မြှင့်တင်ရမှာ။ အခုက ဝိုင်းတားနေတဲ့အကြားက မဖြစ်ဖြစ်အောင်လုပ်ပြတာဟာ သိပ်အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ် ” ဟု မျိုးဆက်သစ် လူငယ်များအစည်းရုံး Generation Waves ဥက္ကဌဖြစ်ပြီး တက်ကြွ လှုပ်ရှားသူဖြစ်သူ ကိုမိုဃ်းသွေးက ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။