၅ ရက် အတွင်း လူထုထံ ထောက်ပံ့ငွေကျပ်သိန်း ၁၀ဝ၀ ပြည့်အောင်ကောက်ယူမည်ဟု မန်ပန်ပြည်သူ့စစ်မိန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ် အတွင်း အခြေစိုက် သည့် မန်ပန်ဌာနေ ပြည်သူ့ စစ်တပ်ဖွဲ့သည် လားရှိုးအရှေ့ တောင်ဘက် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ လူထု မှ လာသည့် ပြည်သူ့စစ် စစ်သည်များအတွက် ထောက်ပံ့ငွေ ကျပ် သိန်း ၁၀ဝ၀ ပြည့်အောင် ဒေသ အတွင်းရပ်ရွာအားလုံး စုပေါင်းထည့်ကြရန် ဆင့်ဆိုခြင်းဖြစ်သည်။

မတ်ခ်ျ ၁၃ ရက်နေ့ က လားရှိုးမြို့ အရှေ့တောင်ဘက် နမ့်ပေါင်ဒေသ အတွင်း ရှိသည့် ကျေးလက် ရွာသူကြီး (ကျေးရွာအုပ်ချုပ်ရေးမှူး) များအား ဆင့်ခေါ်ကာ တန့်ယန်းမြို့နယ် နားတောင်းကျေးရွာအုပ်စု မန်နောင် ရွာ ဗိုလ်လုံညွှန့် လှုပ်ရှားနေထိုင်သည့်ရွာတွင် တွေ့ဆုံကြောင်း၊ မတ်ခ်ျ လ ၁၈ ရက်နေ့ အထိ ၅ ရက်အတွင်း ပိုက်ဆံ ကျပ်ငွေ သိန်း ၁၀ဝ၀ အား ပြည်သူ့စစ် စစ်သည်များအတွက် ထောက်ပံ့ငွေ အပြီး ကောက်ယူစုဆောင်းပေးပို့ကြရန် ဆင့်ဆိုခြင်းဖြစ်သည်။

“ဗိုလ်လုံညွှန့် ပြောဒါကတော့ ဆင့်ဆိုထားတဲ့ ထောက်ပံ့ကြေးတွေ ၁၈ ရက်နေ့ အပြီးကောက်မယ်။ အဲဒါ (ခေါင်းဆောင် ဗိုလ်မွန်း ရဲ့ ဒုတိယသား) စဝ်စိုင်း ရဲ့ ညွှန်ကြားချက်ဖြစ်တယ်။ ဘယ်သူမှ ငြင်းဆို လို့မရဘူး။ အပြီး လာထည့်ကြပါတဲ့” – ဟု ပြီးခဲ့သည့် ၁၃ ရက်နေ့က ဆင့်ဆိုတွေ့ဆုံသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

စဝ်စိုင်း ဆိုသည်မှာ မန်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင် (စစ်အစိုးရ က ゞင်းအား ဘိန်းကင်းစင်ရေးဆု ချီးမြင့်ထား) လူမှုထူးချွန်ဆု ရှင် ဗိုလ်မွန်း၏ သားသမီး ၄ ဦး အနက် ဒုတိယသားဖြစ်သည်။ စဝ်စိုင်းအွန် ခေါ် စိုင်းခမ်းမွန်းဟုလည်းခေါ်ဆိုကြရာ ၊ တရုတ်နာမည် အားဖင် ဟုလည်း ခေါ်ဆိုကြသည်။

“ငွေ ကျပ်သိန်း ၈၀ဝ- ၁၀ဝ၀ က ဘာလုပ်မလဲ။ နာမည်ဘဲပျက်တယ်။ ကျားခေါင်းပါတီ အမတ်က ကျနော်တို့ကို နာမည်ဖျက်တာပါ ။ ကျနော်တို့က လူထုကို ပိုက်ဆံမကောက်တာကြာပြီ။ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ကြပ်မတ်စီစစ်သွားပါ့မယ်” – ဟု လားရှိုးမြို့ရောက် မန်ပန်ဌာနေပြည်သူ့စစ် ထိပ်ပိုင်း အရာရှိတဦးကပြောသည်။

လားရှိုးမြို့ မိုင်းယော်ဘက်(လားရှိုး – ပန်ဟုန်း – မုန်းဟတ် – မိုင်းယော်လမ်းဟောင်း) အသွားလမ်း ပန်ဟုန်းကျေးရွာအုပ်စု ပန်ခေါ်ကျေးရွာ အုပ်ချုပ်မှူး၏ စာရေး စိုင်းဆန်လူ အသက် ၃၃ နှစ်အား မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် (ပန်ဟုန်းကျေးရွာအုပ်စု ထိန်းချုပ်သူ) အိုက်လွန်း ၊ လက်ထောက် ခင်းကောယ တို့နှစ်ဦး ပြည်သူ့စစ် ၈ ယောက် နှင့် အတူ လာရောက်ဖမ်းဆီးကာ ゞင်းတို့ နေထိုင်ရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထွက်ပြေးမှုကြောင့် ပစ်သတ်ခဲ့သေးကြောင်း ပန်ဟုန်းတွင်နေထိုင်သူ တဦးကပြောသည်။

“စာရေးဆန်လူကို ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ဖမ်းသွားတာ သူတို့စခန်းကို။ ၁၄ ရက်နေ့က သူထွက်ပြေး လာတယ်။ နောက်တရက် ၁၅ ရက်နေ့ ညသန်းခေါင်မှာ ပြည်သူ့စစ်က သူ့အိမ်ကို လာပြီးအော် တယ်။ ဆန်လူ ထွက်မလာရင် သူ့မိန်းမ အေးနန်းကိုဖမ်းသတ်မယ်ဆိုပြီး ဟစ်အော်တယ်။ ဆန်လူကလဲ သူ့မိန်းမ သတ်ခံရမှာစိုးလို့ မျက်နှာပြဖို့ ထွက်လာတော့ နားထင်ကို သေနတ်တေ့ပြီး ပစ်သတ်လိုက်တယ် – အလောင်းကို တရွတ်တိုက်ဆွဲပြီး သွားမြုပ်ပစ်တယ်။ ဒီကိစ္စလျှောက်မမေးနဲ့ လျှောက်မပြောနဲ့ သတ်ပစ်မယ်ဆိုပြီး အသုဘ အတွက် ကျပ် ၂ သိန်း၊ မိသားစုအတွက် ကျပ် ၁ သိန်း ပေးပြီး ခြိမ်းခြောက်သွားတယ်” – ဟု နီးစပ်သည့် အမည်မဖေါ်လိုသူတဦးက ပြောသည်။

လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက – လူထုအပေါ် ထိုသို့ငွေကြေးများကောက်ခံခြင်း၊ အထူးသဖြင့် သျှမ်းပြည်လူထုအချင်းချင်းဖိအားပေးခြင်း၊ သတ်ဖြတ်ခြင်းများမရှိသင့်တော့ကြောင်း သျှမ်းသံတော်ဆင့်သို့ ယခင်တုန်းကပြောဆိုခဲ့ဖူးသည်။

မန်ပန်ဌာနေပြည်သူ့စစ်ခေါ် သောင်းကြမ်းသူ ဆန့်ကျင်တိုက်ဖျက်ရေး သကဆဖ အဖွဲ့ ခေါ် မန်ပန်ဌာနေပြည့်သူ့စစ်တပ်ဖွဲ့သည် မုန်းတိုင်းအာမီ အမည်ရ ခွန်ဆာ၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြသည်။ ၁၉၉၆ ခွန်ဆာအဖွဲ့ လက်နက်ချစဉ် ပြည်သူ့စစ်အဖွဲ့အဖြစ် ပြောင်းကာ လားရှိုးမြို့အရှေ့ဘက် ၊ အရှေ့တောင်ဘက် တကြောမှ တန့်ယန်းမြို့မြောက်ဘက် ရှိ ကျေးရွာများ အား စစ်အစိုးရ က ထိန်းချုပ်ခွင့် ပေးထားသည်။