သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး သျှမ်းပြည်ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး မလာဖြစ်တော့

သျှမ်းခေါင်းဆောင်ဖြစ်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ခွန်ထွန်းဦးမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက်စည်းရုံးရေးခရီးစဉ်အဖြစ် သျှမ်းပြည်သို့မလာဖြစ်တော့ကြောင်း သိရသည်။

ခါးရိုးကျီးပေါင်းခွဲစိပ်ထားမှု အခြေအနေကြောင့်ခရီးဝေးသွားရန်မဖြစ်နိုင်မှု ၊ သျှမ်းပြည်ညီညွတ်ရေး ကော်မတီ ကိစ္စအပြင် ၂၁ ပင်လုံအတွက် အခြားကိစ္စရပ်များလည်းရှိနေသောကြောင့် သျှမ်းပြည် အလယ်ပိုင်းနှင့် သျှမ်းအရှေ့ကျိုင်းတုံသို့ မလာနိုင်တော့ခြင်းဖြစ်သည်ဟု သိရသည်။

သျှမ်းပြည်အတွင်းရှိ ကျေးသီး ၊မိုင်းရှူး ၊ ကျိုင်းတုံ စသည့် မဲဆန္ဒနယ်များသို့ မလာရောက်နိုင် တော့ခြင်းဖြစ်ကြောင်းလည်း ခွန်ထွန်းဦးက မတ်လ ၁၆ ရက်နေ့က သျှမ်းသံတော်ဆင့်သို့ပြောသည်။

ကျားခေါင်းပါတီ SNLD ဝင်ရောက်ယှဉ်ပြိုင်မည့် ကျေးသီး ၊ မိုင်းရှူး မဲဆန္ဒနယ်များတွင် ပါတီ ပြောခွင့်ရ ဖြစ်သည့် စိုင်းလိတ်မှ ဦးဆောင်၍ စည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နေသည်။

ခွန်ထွန်းဦးသျှမ်းပြည်မလာဖြစ်တော့သော်လည်း နာမည်ကျော် သျှမ်းအနုပညာရှင်များဖြစ်သည့် စိုင်းအောင်ထီးခမ်း ၊ စိုင်းလိတ်စသည့် သျှမ်းဘာသာ အဆိုတော်များပါဝင်သည့် အနိုပညာရှင်များမှ မတ်လ ၂၀ ၊ ၂၁ နှင့် ၂၂ ရက်နေ့များတွင် ကျေးသီး ၊ မိုင်းနောင် ၊ မိုင်းရှူးမြို့များတွင် ကျားခေါင်ပါတီအတွက် စည်းရုံးရေးအဖြစ် ဖျော်ဖြေပေးကြမည်ဖြစ်သည်။

လတ်တလော ကာလအတွင်းမှာပင် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးရန်အတွက် မဲဆန္ဒရှင်များ အနေဖြင့် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို သက်ဆိုင်ရာ ကျေးရွာ ၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် လာရောက်ထုတ်ယူရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်တိုက်တွန်းထားသည်။

NLD ပါတီမှလည်း ပြည်နယ်အစိုးရ ဝန်ကြီး ဦးစိုးညွှန့်လွင် ဦးဆောင်သည့်အဖွဲ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ကျိုင်းတုံမဲဆန္ဒနယ်တွင် သွားရောက်မဲဆွယ်နေသည်ဟု သိရသည်။