ကျားခေါင်းပါတီ SNLD ၏ သက်တမ်းရင့် နာယက ပလောင်အမျိုးသား လုံးဟိန်ရွှေမိုး ကွယ်လွန်

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်ထောင်စဉ်ကတည်းကနာယကအဖြစ်တာဝန်ထမ်းဆောင်လာသည့် (ဦး) လုံးဟိန်ရွှေမိုး အသက် ၉၁ နှစ်မှာ သက်ကြီးရောဂါဖြင့် မန္တလေးတိုင်း မတ္တရာမြို့ နယ်ရှိနေအိမ်တွင် ကွယ်လွန်သွားကြောင်းသိရသည်။

SNLD 2လုံးဟိန်ရွှေမိုးမှာ ဧပြီလ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး ဧပြီလ ၈ ရက်နေ့ တွင် ရုပ်အလောင်း အား အသုဘပို့ဆောင်မီး သဂြိုဟ်မည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

နမ့်ဆန်မြို့ဖွား လုံးဟိန်ရွှေမိုးသည် တအာင်း ပလောင်အမျိုးသားတဦးဖြစ်ပြီး မူစယ်မြို့သူ နန်းအီခမ်းလိုင် နှင့် အိမ်ထောင်ပြုခဲ့သည်။ သားသမီး ၆ ဦးထွန်းကားခဲ့ပြီး နန်းအီခမ်းလိုင်မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တည်းက ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ ကွယ်လွန်ချိန်အထိ လုံးဟိန်ရွှေမိုးမှာ သမီးနန်းရွှေအိမ် နှင့်သားမက်ဖြစ်သူ ဒေါက်တာစိုင်းခမ်းအွန်တို့နှင့်အတူ နေထိုင်ကာ ပါတီနာယက တာဝန်ထမ်း ဆောင်ရင်း မိဘလက်ရင်းလုပ်ငန်းဖြစ်သော လဖက်ခြောက်၊ ကော်ဖီပွဲရုံလုပ်ငန်းတို့ကို လုပ်ဆောင်ခဲ့သည်။

“အဘိုးလုံးဟိန်ရွှေမိုးဟာ သျှမ်းပြည်အမျိုးသားရေးအတွက်အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ သူတဦး ဖြစ်တယ်။ ၁၉၈၈ ခုနှစ် SNLD ကို ရန်ကုန်မှာထူထောင်တော့ ဥက္ကဌက ဦးသက်ဝင်း (ကမ္ဘောဇလွယ် အိပ်) ပေါ့။ ဒါပေမယ့် ရန်ကုန် ၊မန်းတလေးနဲ့ အနယ်နယ်အရပ်ရပ် မှာရှိတဲ့ သျှမ်းတွေပါဝင်လာ အောင်ရည်ရွယ်ပြီးတော့ ၁၉၈၉ မှာမန်းတလေးမှာ ထပ်ပြီးတော့ အစည်းအဝေးသွား လုပ်တယ်။ အဲ့ချိန်မှာအဘိုးလုံးဟိန်ရွှေမိုး ပါဝင်လာတယ်။ အဲ့ချိန်ကတည်းက နာယကအဖြစ် တာဝန်ယူတယ်။ ပါတီဥက္ကဌအဖြစ်လည်း ခွန်ထွန်းဦး ကတာဝန်ယူတယ်” -ဟု ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

ဦးလုံးဟိန်ရွှေမိုးသည် ပါတီနာယက အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် မန်းတလေး သျှမ်းသာ ရေး နာရေးအသင်း တည်ထောင်စဉ် ကလည်း ပါဝင်ခဲ့သည်။ အသင်းဥက္ကဌအဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ဖူးသည်။ မန်းတလေးရောက် သျှမ်းများနှင့်သျှမ်းပြည်သား များ၏ သာရေးနာရေး ကိစ္စများ တွင်လည်း တတပ်တအား ပါဝင်ခဲ့သည်။

“အဘိုးလုံးရွှေမိုးဟာ အရှိကိုအရှိအတိုင်း ဒဲ့ပြောတတ်တယ်။ သဘောထားကောင်းတယ်။ ကူညီရင်လည်း စေတနာအပြည့်အဝနဲ့ တတပ်တအားကူညီတယ်။ ကြီးငယ် မျက်နှာမရွေးဘူး။ ဒါကြောင့်သျှမ်းပြည် လူထုတော်တော်များများက အဘိုးကို ချစ်ခင်အား ကိုးကြတယ်။” – ဟု စိုင်းလိတ်က မှတ်ချက်ပြုပြော ဆိုသည်။

လုံးဟိန်ရွှေမိုးသည် ပလောင်(တအာင်း) အမျိုးသား တဦးဖြစ်ကြောင်း၊ ကျားခေါင်းပါတီအားလည်း သျှမ်းပြည်သားအားလုံးအတွက် ရည်ရွယ်က သျှမ်းတိုင်းရင်းသားများ ဆိုသည့် စကားလုံးအား ၄င်းက အကြံပြုခဲ့ကြောင်း၊ပါတီ စတင်တည်ထောင်စဉ်ကတည်းက ပါတီအရေး သျှမ်းပြည်အရေး တစိုက်မတ် မတ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ ၄င်းကွယ်လွန်သွားသည့်အတွက် မိသားစု နှင့် ထပ်တူဝမ်းနည်းမိပါကြောင်း ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်ကလည်းပြောသည်။