၂၈ နှစ်ပြည့် ဝ တပ်ဖွဲ့ငြိမ်းချမ်းရေး ရယူခြင်း စစ်ရေးပြအခမ်းအနား NCA စာချုပ်မထိုးသည့်တပ်ဖွဲ့ ၇ ခု တက်ရောက်

သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ပန်ဆန်းမြို့တွင်ကျင်းပသည့် ဝ တပ်ဖွဲ့ UWSA ငြိမ်းချမ်းရေး ရယူခြင်း ၂၈ နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် ၃ လက်နက်ကြီးပစ်သင်တန်းဆင်း အခမ်းအနား ပူးတွဲ ကျင်းပ ရာမှာ NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ် ၇ တပ်မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်အားပေးကြသည်။

၂၈ နှစ်ပြည့် ဝ တပ်ဖွဲ့ငြိမ်းချမ်းရေး ရယူခြင်း စစ်ရေးပြ- လက်နက်ကိုင်တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ရ ဖွဲ့တက်ရောက် ယောင်တင်းတပ်စခန်းတွင်ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသားမဟာမိတ်တပ်မတော် NDAA-ESS ခေါ် မိုင်းလားတပ်ဖွဲ့၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA ခေါ် ပလောင်တပ်ဖွဲ့ ၊ မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ၊ ရခိုင့်တပ်မတော် AA နှင့် အိမ်ရှင် ဝ ခေါင်းဆောင်များ တက်ရောက်ကြသည်။

“စစ်ရေးပြဒါက အင်အား ရာဂဏန်းရှိမယ်။ လက်နက်ကြီးပစ်ပြတယ်။ ၆၀ မမ တွေ၊ ၈၁ မမ တွေ ပစ်တာတွေ့တယ်။ တခြားတော့ မသိဘူး။ မိုးတအားရွာလို့ အစီအစဉ်အားလုံး မလုပ်ဘူးပြောတယ် ”- ဟု အခမ်းအနားသို့ တက်ရောက်သည့် အရာရှိ တဦး က ပြောသည်။

7အဆိုပါ အခမ်းအနားသို့ ဝ တပ်ဖွဲ့ UWSA ခေါင်းဆောင် ပေါက်ယူချမ်း က – စစ်သည်တွေ အနေနဲ့ တာဝန် ကျေပွန်စွာထမ်းဆောင် ဖို့ပြောကြားပြီး ဒုတိယ စစ်ဦးစီးချုပ်ကျောက်ကျုံးတန်းက စစ်မှန်တဲ့ ငြိမ်းချမ်း ရေးရဖို့ ကေဒါ တပ်သား အားလုံးပေါ်မူသည့် အတွက် အားလုံးပံ့ပိုးကူညီကြဖို့ တာဝန် ရှိ ကြောင်း- အသီးသီး ပြောကြားသည်ဟုဆိုသည်။

ဝ တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်နေ့ တွင် အာဏာ သိမ်း စစ်အစိုးရ နှင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည်။ လက်မှတ်ထိုးစဉ်ကတည်းက အာဏာရ လာမည့် လူထု ဒီမိုကရေစီအစိုးရနှင့်နိုင်ငံရေးဆွေးနွေးကြ မည်ဟု သဘောတူထားကြသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ အတည်ပြု ဒီမိုကရေစီအစိုးရသို့ ကူးပြောင်းဖို့ စစ်အစိုးရ ပြင်ဆင်စဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ဖိအားပေးစဉ် ဝ တပ်ဖွဲ့သော်လည်း ဝ တပ်ဖွဲ့လက်မခံခဲ့ပေ။ သည့်အတွက် ၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့ တွင် ဦးသိန်းစိန် အစိုးရ နှင့် ဒုတိယ အကြိမ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ထပ်မံရေးထိုးခဲ့သည်။ သို့သော် ဦးသိန်းစိန် ဦးဆောင်ခင်းကျင်းလာသည့် NCA လမ်းစဉ်ကို လက်မခံပဲ ဒီမိုကရေစီအစိုးရနှင့် နိုင်ငံရေး တိုက်ရိုက်ဆွေးနွေးလိုသည့် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။