အဖိတ်ခံရ သျှမ်းအဖွဲ့ သျှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရန်ရှိ

သျှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုတက်ရောက်မည်ဖြစ်သော် လည်း သျှမ်းတစ်မျိုး သားလုံးတွက် ကိုယ်စားပြုရန်မဖြစ်နိုင်ကြောင်း ဖိတ်ကြားခံရသည့် သျှမ်းအဖွဲ့အစည်းမှတာဝန်ရှိ သူများကပြောသည်။

RCSS/SSA တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက- “တက်တာတော့ လာတက် မယ်။ တကယ်တမ်း သျှမ်းလူမျိုးအတွက် အမျိုးသားအဆင့်က မလုပ်ရသေးဘူး။ ပအိုဝ်းတွေက လုပ်ပြီးသွားပီ၊ အစိုးရဘက်က ဒေသအဆင့်အတွက် ဖိတ်လာတယ်။ ပြီးတော့ NCA ကနေလာတယ် ဆိုတော့ တက်တော့ လာတက်မယ်။ စာတမ်းတွေ တင်ဖို့တော့ မရှိသေးဘူး။ တကယ်လို့ ရှိလာမယ် ဆိုရင်လည်း သျှမ်းတစ်မျိုး သားလုံးတွက် ကိုယ်စားပြုမှာ မဟုတ်ဘူး” ဟု သျှမ်းသံတော်ဆင့် အားပြော သည်။

သျှမ်းပြည်နယ် အစိုးရမှ ဦးဆောင်ကျင်းပပြုလုပ်မည့် သျှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ဧပြီလ ၂၃ ရက်မှ ၂၅ ရက်အထိ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခေါင်းစဉ်ကြီး ၃ ခု နှင့် စာတမ်းဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“စာတမ်းဖတ်မယ့် ခေါင်းစဉ်ကတော့ ဖက်ဒရယ်ကို အခြေခံတဲ့ နိုင်ငံရေး ၊ ဖက်ဒရယ်ကို အခြေခံတဲ့ စီးပွားရေး နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ မြေယာ နဲ့ သဘာဝ သယံဇာတ ဆိုင်ရာမူဝါဒ ကိစ္စတွေ ဖတ်သွားမယ်” ဖိတ်ကြားရေး ကြိုဆိုရေး နှင့် တည်းခိုရေးကော်မတီ ဥက္ကဌ သျှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဒေါက်တာမျိုးထွန်း ကပြောသည်။

သျှမ်းပြည်တွင်းရှိ အဖွဲ့အစည်း စုစုပေါင်း ၁၀ ဖွဲ့၊ ကိုယ်စားလှယ်ပေါင်း ၄၂၆ ယောက် ဖိတ်ကြား ထားကြောင်း ဖိတ်ကြားရေး ကြိုဆိုရေး နှင့် တည်းခိုရေးကော်မတီ ဥက္ကဌ သျှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဒေါက်တာမျိုးထွန်း ကပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်ရေးမှုကော်မတီ လည်းဖြစ် ကျေးသီးမြို့နယ် ပြည်နယ် လွှတ်တော်အမှတ်(၂) တွင် အနိုင်ရရှိခဲ့သည့် (SNLD) ပါတီ တောင်ကြီးမြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် က “လူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်သင့်တယ်လို့ မြင်တယ်။ သျှမ်းတိုင်းရင်းသားတွေက မလုပ်ရသေးဘူး။ ပအိုဝ်းတိုင်းရင်းသားတွေဘဲ လုပ်ပြီးသွားတာ၊ ဒေသအလိုက် လာလုပ်တယ်ဆိုတာ ဘာကြောင့် သူတို့ လောပြီး လာလုပ်ရတာလည်း မသိဘူး၊ စာတမ်းတင်ဖို့က တစ်ယောက်ကို ၁၀ မိနစ်ဆိုတော့ မပြည့်စုံနိုင်ဘူးပေါ့ ၊ ကျားခေါင်းအနေနဲ့တော့ အမျိုးသမီး ၃ ယောက်လာတက်ရောက် မယ်။ စာတမ်းရှိရင်လည်း ဖတ်သွားမယ်” ဟုပြောသည်။

၁-အစိုးရအဖွဲ့များ ၊ ၂- လွှတ်တော်ကိုယ်စားလှယ်များ၊ ၃ – တပ်မတော်သားကိုယ်စားလှယ်များ၊ ၄- NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ RCSS/SSA နှင့် PNLO ၊ ၅- ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ၆- နိုင်ငံရေးပါတီ ၂၃ ခု ၊ ရ- သျှမ်းပြည်တွင်းရှိ CSO ၃၂ ခု၊ ၈- စာပေယဉ်ကျေးမှု ၁၈ ဖွဲ့ ၊ ၉- မြို့နယ်အလိုက် ခရိုင်အလိုက် စာတမ်းဖတ်မည့် ကိုယ်စားလှယ် များ၊ ၁၀- ဌာနဆိုင်ရာ တို့ ကို ဖိတ်ကြားထားကြောင်း ဒေါက်တာမျိုးထွန်းကပြောသည်။

ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ ၃ ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။